သန်းခေါင်စာရင်း ပြန်လည်ကောက်ယူသွားမည်ဟု စစ်ကောင်စီဥက္ကဋ္ဌပြော

27 February 2023
သန်းခေါင်စာရင်း ပြန်လည်ကောက်ယူသွားမည်ဟု စစ်ကောင်စီဥက္ကဋ္ဌပြော

နိုင်ငံရေးပဋိပက္ခတွေကြောင့် ကိန်းဂဏန်းအချက်အလက်တွေဟာ တိကျမှန်ကန်မှုရှိဖို့ အားနည်းချက်တွေရှိတဲ့ အတွက် စာရင်းဇယားအချက်အလက် မှန်ကန်စေရေး ပြည်လုံးကျွတ်သန်းခေါင်စာရင်း ပြန်လည်ကောက်ယူမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

နောက်ဆုံးသန်းခေါင်စာရင်း ကောက်ယူခဲ့တာ ဆယ်နှစ်နီးပါးကြာပြီဖြစ်တာကြောင့်  စာရင်းဇယားအချက်အလက်တွေ မှန်ကန်စေဖို့အတွက်ဟုဆိုကာ  ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ပြန်လည်ကောက်ယူသွားမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က စစ်ကောင်စီဝင်အသစ်တွေနဲ့ ပထမဆုံးလုပ်တဲ့အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီလိုပြန်လည်ကောက်ယူမှသာ မဲစာရင်းတွေကို မှန်ကန်အောင် ဆောင်ရွက်နိုင်မယ်လို့လည်း သန်းခေါင်စာရင်းနဲ့ ရွေးကောက်ပွဲကို စစ်ကောင်စီဥက္ကဋ္ဌက ချိတ်ဆက်ပြောဆိုပြီး မဲစာရင်းမှန်အောင် လိုအပ်တာတွေလုပ်ဖို့ အချိန်လိုနေသေးတယ်လို့ သူကပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ကိန်းဂဏန်းအချက်အလက်တွေ တိကျမှန်ကန်မှု အားနည်းနေမယ်လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံမှာ နောက်ဆုံးသန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့တာဖြစ်လို့ လာမယ့် ၂၀၂၄ မှာ သန်းခေါင်စာရင်းပြန်ကောက်လာနိုင်တယ်လို့ ခန့်မှန်းမှုတွေရှိနေပါတယ်။

နိုင်ငံရေးပါတီတွေအတွက် လုံလောက်တဲ့ အချိန်တစ်ခုပေးဖို့ လိုအပ်နေသေးသလို နိုင်ငံရေးပါတီတွေနဲ့ ပါတီဦးဆောင်သူတွေရဲ့ အခြေအနေကို ပြည်သူတွေ လေ့လာနိုင်အောင်လည်း အချိန်တစ်ခုပေးဖို့ လိုနေတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကပြောပါတယ်။
အရေးပေါ်ကာလသက်တမ်းကာလကို ၆ လ ထပ်မံတိုးခဲ့လို့ ဝေဖန်၊တုံ့ပြန်ချက်တွေနဲ့ လိုအင်ဆန္ဒတွေကို လေ့လာဆန်းစစ်ခဲ့ရာမှာ ရွေးကောက်ပွဲပြန်လုပ်ပေးဖို့၊တည်ငြိမ်အေးချမ်းမှုရှိအောင် ဆောင်ရွက်ပေးဖို့နဲ့ ကုန်ဈေးနှုန်းကျအောင် လုပ်ပေးဖို့ ဆိုတဲ့ အချက် ၃ ချက်က အဓိကဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒ့ါအပြင် ဆန္ဒမဲပေးချိန်မှာ ခြိမ်းခြောက်မှု၊ အကြပ်ကိုင်မှုနဲ့ ဖိအားပေးမှုတွေ မရှိအောင် ဆောင်ရွက်ပေးရမယ်လို့လည်းဆိုပါတယ်။

နိုင်ငံရေးပါတီတွေအနေနဲ့ လက်ရှိအချိန်မှာ ပါတီမှတ်ပုံတင်ခြင်းအပါအဝင် မြန်မာတစ်ပြည်လုံးရဲ့ မြို့နယ်တစ်ဝက်မှာ ပါတီရုံးခွဲ ဖွင့်လှစ်နိုင်ရေး ကိစ္စရပ်တွေကို လုပ်ဆောင်နေပြီး ပါတီမှတ့်ပုံတင် ပြန်လည်လျှောက်မှုအနေနဲ့ ၉ ပါတီ ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။

အဲဒီအစည်းအဝေးမှာ စစ်ခေါင်းဆောင်က တစ်ချို့သော EAO တွေနဲ့ PDF အမည်ခံအဖွဲ့တွေရဲ့ အကြမ်း ဖက်တိုက်ခိုက်မှုတွေကြောင့် နိုင်ငံတဝန်း ရာနှုန်းပြည့်တည်ငြိမ်အေးချမ်းမှုမရှိတာကို တွေ့ရှိရပြီး တည်ငြိမ်အေးချမ်းမှုရှိအောင် ဆက်လက်ဆောင်ရွက်ဖို့ လိုအပ်နေသေးတယ်လို့ ပြောပါသေးတယ်။

ပြီးခဲ့တဲ့ ကာလုံအစည်းအဝေးမှာ မြို့နယ် ၁၃၂ ခုအတွင်း တည်ငြိမ်မှုမရှိကြောင်း စစ်ခေါင်းဆောင်က ဝန်ခံထားပြီး လက်ရှိအချိန်ထိ တိုင်းနဲ့ပြည်နယ် ၈ ခုရှိ မြို့နယ် ၄၇ ခုမှာ စစ်အုပ်ချုပ်ရေးအမိန့်ကျင့်သုံးဖို့ သက်ဆိုင်ရာ စစ်တိုင်းမှူးတွေကို စစ်ကောင်စီက ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ စစ်ကောင်စီသက်တမ်းတိုးယူထားတဲ့ ဒီ ၆ လအတွင်း စစ်တပ်နဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေကြား ပြည်တွင်းစစ်မီး အရှိန်မြင့်တောက်လောင်လာနိုင်ပြီး ဒေသခံပြည်သူတွေ ပိုမိုထိခိုက်လာနိုင်ဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ကတော့ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ စစ်ဘေးဒုက္ခသည် ၁ ဒဿမ ၅ သန်းအထိရှိလာပြီး တစ်နိုင်ငံလုံး လူဦးရေရဲ့ သုံးပုံတစ်ပုံဟာ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ် နေတယ်လို့ ဖေဖော်ဝါရီလ ၁ ရက်နေ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly