ထန်တလန်မြို့ ရက် ၆၀ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၂၀ ဦးသေပြီး ချင်းတပ်ဖွဲ့မှ ၆ ဦးကျ

By ပါခွီး (မဇ္စျိမ)
27 February 2023
ထန်တလန်မြို့ ရက် ၆၀ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၂၀ ဦးသေပြီး ချင်းတပ်ဖွဲ့မှ ၆ ဦးကျ

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင်ဖြစ်ပွားခဲ့သည့် ရက်ပေါင်း ၆၀ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ဘက်မှ ၂၀ ဦးသေဆုံးကာ ချင်းပူးပေါင်းတပ်မှ ခြောက်ဦးကျဆုံးခဲ့ကြောင်း  CDF – Thantlang က ဖေဖော်ဝါရီလ ၂၆ ရက်နေ့ တွင်ထုတ်ပြန်သည်။

ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ထန်တလန်) တို့နှစ်ဖွဲ့ပူးပေါင်းပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက် ည ၁၀ နာရီမှစတင်ကာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့အထိ Tilim Operation ဟုအမည်ပေးထားသည့်စစ်ဆင်ရေးကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

Tilim Operation ကိုစတင် တိုက်ပွဲဝင်ဖော်ဆောင်သည့် ရက်ပေါင်း ၆၀ အတွင်း စစ်ကောင်စီတပ်သား ၂၀ ဦးသေဆုံးပြီး ၂၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကာ CDF – Thantlang ဘက်မှ ရဲဘော်လေးဦး၊ CNA မှ ရဲဘော်နှစ်ဦး ချင်းလဲန်းအတွက် အသက်ပေးလှူခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် စစ်ကောင်စီတပ်သားနှင့် ရဲများနေရာယူထားသည့် ရဲစခန်းအတွင်းရှိ အိမ်ငါးလုံးကိုမီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး ဇန်နဝါရီ ၂ ရက်တွင် အိမ်နှစ်လုံး ထပ်မံဖျက်ဆီးနိုင်ခဲ့ကြောင်း သိရ သည်။

ဇန်နဝါရီလ ၂၉ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တို့တွင် စစ်ကောင်စီတပ်သားများအတွက် ထောက်ပို့ရောက်ရှိလာခဲ့သည့် MI 17 ရဟတ်ယာဉ်၏ အစိတ်အပိုင်းအချို့ကိုပါ ဖျက်ဆီးနိုင်ခဲ့ကြောင်း ဆို သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ထန်တလန်မြို့ CB Bank တွင် နေရာယူတပ်စွဲထားသော စစ်ကောင်စီ တပ်သားနှင့် ရဲခြောက်ဦးကိုဖမ်းဆီးခဲ့ပြီး လက်နက်ရှစ်လက် သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ဖေဖော်ဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့များတွင် ထန်တလန်မြို့ရဲစခန်းအတွင်း အင်အား ၅၀ ခန့်ဖြင့် အခိုင်အမာနေရာယူထားသည့် စစ်ကောင်စီတပ်သားများနှင့် ရဲများကို တိုက်ခိုက်ခဲ့ပြီး သေနတ် အလက် ၄၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲများဖော်ဆောင်ခဲ့သည့် ရက် ၆၀ အတွင်း စစ်ကောင်စီတပ်မှ တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ် တို့ဖြင့် အကြိမ်ပေါင်း (၉၅) ကြိမ် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်ကလေကြောင်းမှ မနားတန်းတိုက်ခိုက်လျက်ရှိသည့်အပြင် လက်နက်ခဲယမ်း အင်အား အလွန်အကျွံအသုံးပြု တိုက်ပွဲဖော်ဆောင်နေသောကြောင့် တိုက်ပွဲများဆက်လက် ပြင်းထန်လာနိုင်သဖြင့် ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် CDF – Thantlang ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly