တရုတ်ဘဏ်များ ဖေဖော်ဝါရီလအတွင်း ငွေထုတ်ချေးမှု လျှော့ချရန် ဖိအားပေးခံရ

By Reuters
27 February 2023
တရုတ်ဘဏ်များ ဖေဖော်ဝါရီလအတွင်း ငွေထုတ်ချေးမှု လျှော့ချရန် ဖိအားပေးခံရ

ဘဏ်ချေးငွေအသစ်များ ဇန်နဝါရီလအတွင်း စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် အန္တရာယ်များအား တားဆီးနိုင်ရေးအတွက် ချေးငွေထုတ်ချေးမှုအရှိန်ကို လျှော့ချရန် တရုတ်ဗဟိုဘဏ်က ဘဏ်အချို့ကို ဖိအားပေးခဲ့ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် ဘဏ်လုပ်ငန်းရှင် ၃ ဦးက ပြောကြားထားသည်။

တရုတ်ပြည်သူ့ဘဏ် (PBOC) သည် ငွေထုတ်ချေးသူအချို့ထံ အလွတ်သဘောညွှန်ကြားချက်များ ယခုလအစောပိုင်းက ပေးပို့ခဲ့ပြီး သင့်တင့်လျောက်ပတ်သော တိုးတက်မှုနှုန်းထားအတိုင်း ချေးငွေထုတ်ပေးရန် တောင်းဆိုခဲ့သည်ဟု ဘဏ်လုပ်ငန်းရှင်များက ပြောကြားခဲ့သည်။

ချေးငွေအသစ်များအား ခပ်မြန်မြန်ထုတ်ပေးခြင်းကို ရှောင်ကြဉ်နိုင်ရေးအတွက် ဘဏ်များသည် ဖေဖော်ဝါရီလအတွင်းက ချေးငွေသစ်ပမာဏကို ထိန်းချုပ်ရန် ဖိအားပေးခံခဲ့ရကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

တင်းကျပ်သော ကိုဗစ်ထိန်းချုပ်ရေးအစီအမံများနှင့် အိမ်ခြံမြေကဏ္ဍဆိုင်ရာ အကျပ်အတည်းများကြောင့် ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ဂျီဒီပီ တိုးတက်မှုသည် ရာစုနှစ်တစ်ဝက်နီးပါးအတွင်း အနိမ့်ဆုံးဖြစ်သွားခဲ့ပြီးနောက် တရုတ်ဘဏ်များသည် ချေးငွေဆိုင်ရာ အထောက်အပံ့များ တိုးမြှင့်ပေးရန် ဖိအားပေးခံနေရသည်။ 

တရုတ်ရှိ ဘဏ်ချေးငွေအသစ်များမှာ ဇန်နဝါရီလအတွင်း မျှော်မှန်းထားသည်ထက် ကျော်လွန်သွားခဲ့ပြီး ယွမ် ၄ ဒသမ ၉ ထရီလီယံ (ဒေါ်လာ ၇၁၃ ဒသမ ၅၁ ဘီလီယံ) အထိ စံချိန်တင် မြင့်တက်ခဲ့သည်။ 

တရားမဝင် အိမ်ခြံမြေ ချေးငွေများနှင့် စားသုံးသူရေးရာချေးငွေများကို အလွဲသုံးစားလုပ်ခြင်း အပါအဝင် မမှန်မကန် လုပ်ဆောင်ချက်များကြောင့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်း ၅ ခုကို  တရုတ်ဘဏ်လုပ်ငန်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က  ဖေဖော်ဝါရီလ ၁၇ ရက်က ဒဏ်ခတ်အရေးယူခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တရုတ်ပြည်သူ့ဘဏ် (PBOC) သည် မှတ်ချက်ပေးရန် တောင်းဆိုမှုများကို ချက်ချင်းတုံ့ပြန်ခြင်း မရှိခဲ့ပေ။

ဗဟိုဘဏ်သည် နိုင်ငံပိုင်ဘဏ်ကြီးအချို့၏ ရုံးချုပ်များအတွက် လမ်းညွှန်ချက်ကို ဇန်နဝါရီတွင် ထုတ်ပြန်ခဲ့ပြီး စာရင်းအင်းဆိုင်ရာ လုပ်ငန်းစဉ်များအတွက် ဇန်နဝါရီလနှင့် နောက်လများတွင် ၎င်းတို့ ထုတ်ချေးထားသော ချေးငွေအချို့ကို စာရင်းပြုစုကြရန် တောင်းဆိုခဲ့ကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သူ အခြားဘဏ်လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly