ဝန်ထမ်းများ၏ ဖုန်းထဲတွင် TikTok ထည့်သွင်းခြင်းကို ဥရောပသမဂ္ဂ လုံခြုံရေးအရ ပိတ်ပင်

By Reuters
27 February 2023
ဝန်ထမ်းများ၏ ဖုန်းထဲတွင် TikTok ထည့်သွင်းခြင်းကို ဥရောပသမဂ္ဂ လုံခြုံရေးအရ ပိတ်ပင်

ဥရောပသမဂ္ဂ၏ အကြီးဆုံး မူဝါဒချမှတ်သည့်အဖွဲ့အစည်း၂ ခုသည် ဆိုက်ဘာလုံခြုံရေးအကြောင်းပြချက်ဖြင့် ဝန်ထမ်းများ၏ ဖုန်းများတွင် TikTok ထည်သွင်းခွင့် ပိတ်ပင်လိုက်သောကြောင့် အဆိုပါ တရုတ်ဗီဒီယိုအတိုမျှဝေသည့် အက်ပလီကေးရှင်းနှင့် အသုံးပြုသူများ၏ အချက်အလက်များနှင့်ပတ်သက်ပြီး  စိုးရိမ်မှုများ မြင့်တက်လာသည့် လက္ခဏာဖြစ်သည်။

တရုတ်အစိုးရက TikTok ကို အသုံးပြုသူများ၏ အချက်အလက်များအား ရယူရန်ဖြစ်စေ၊ ၎င်း၏ အကျိုးစီးပွားကို မြှင့်တင်ရန်ဖြစ်စေ အသုံးပြုမည်စိုးရိမ်ရသဖြင့် တရုတ်ကုမ္ပဏီ ByteDance ကပိုင်ဆိုင်သည့် အဆိုပါ အက်ပ်ကို အစိုးရများနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များက စိစစ်လျက်ရှိသည်။

တားမြစ်ချက်ကို ကြေညာခဲ့သည့် ဥရောပကော်မရှင်အကြီးအကဲ သီယာရီ ဘရက်တန်က ကော်မရှင်အနေဖြင့် TikTok နှင့်သက်ဆိုင်သော ဖြစ်စဉ်တွင် ထိခိုက်နစ်နာခဲ့ခြင်း ရှိ၊ မရှိကိုမူ ပြောပြရန် ငြင်းဆိုခဲ့သည်။

ဦးစားပေးမူဝါဒများချမှတ်ရန် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ဥရောပသမဂ္ဂကောင်စီရှိ ဝန်ထမ်းများအနေဖြင့် ကောင်စီ၏ ဝန်ဆောင်မှုများသို့ ဝင်ရောက်ခွင့်ရှိသည့် ၎င်းတို့၏ ကိုယ်ပိုင်ဖုန်းများမှ TikTok ကို ဖြုတ်ပစ်ရမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီလ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ကြေညာချက်နှင့်ပတ်သက်ပြီး ကော်မရှင်က တားမြစ်ချက် မထုတ်ပြန်မီ မိမိတို့အား ဆက်သွယ်ခဲ့ခြင်းမရှိသည့်အတွက် စိတ်ပျက်အံ့သြမိကြောင်း Tiktok ကုမ္ပဏီက တုံ့ပြန်ပြောကြားခဲ့သည်။

အမေရိကန် အထက်လွှတ်တော်က  အစိုးရဝန်ထမ်းများအား ဌာနပိုင်စက်ပစ္စည်းများတွင် TikTok ထည့်သွင်းအသုံးပြုခြင်းကို တားမြစ်သည့် ဥပဒေကြမ်းကို ဒီဇင်ဘာလတွင် အတည်ပြုခဲ့သည်။ TikTok ကို အိန္ဒိယတွင်လည်း ပိတ်ပင်ထားသည်။
အဆိုပါ ဆုံးဖြတ်ချက်သည် ဌာနပိုင်နှင့် ကိုယ်ပိုင် ဖုန်းများ၊ စက်ပစ္စည်းများအတွက် အကျုံးဝင်သည်ဟု ဥရောပသမဂ္ဂအမှုဆောင်ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"ဒီလုပ်ဆောင်ချက်က ကော်မရှင်ရဲ့ လုပ်ငန်းခွင်ကို ဆိုက်ဘာတိုက်ခိုက်မှုတွေ ပြုလုပ်ရာမှာ အသုံးချလာနိုင်တဲ့ ဆိုက်ဘာလုံခြုံရေး ခြိမ်းခြောက်မှုတွေနဲ့ လုပ်ရပ်တွေကနေ ကာကွယ်ဖို့ ရည်ရွယ်ပါတယ်” ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

"သက်ဆိုင်ရာဌာနတွေက အက်ပ်နဲ့ဆက်စပ်တဲ့ အချက်အလက်ချိုးဖောက်နိုင်ခြေတွေကို စောင့်ကြည့်နေပြီး ဥရောပပါလီမန်တာဝန်ရှိသူတွေထံ  အကြံပြုချက်တွေ မပေးမီမှာ ကော်မရှင်ရဲ့ဆန်းစစ်အကဲဖြတ်ချက်ကို ထည့်သွင်းစဉ်းစားသွားမှာပါ” ဟု ပြောရေးဆိုခွင့်ရှိသူက တစ်ဦးက ဆိုသည်။ 

အခြား လူမှုမီဒီယာများရှိ လုံခြုံရေးဆိုင်ရာ အခြေအနေများကိုလည်း အမြဲမပြတ် စောင့်ကြည့်သုံးသပ်သွား မည်ဖြစ်ကြောင်း ကော်မရှင်က ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly