မီဒီယာလုပ်ငန်းများ လုပ်ကိုင်ခြင်းကို အာဖဂန်ပြည်နယ် ၂ ခုတွင် တာလီဘန် တားမြစ်

By CPJ
27 February 2023
မီဒီယာလုပ်ငန်းများ လုပ်ကိုင်ခြင်းကို အာဖဂန်ပြည်နယ် ၂ ခုတွင် တာလီဘန် တားမြစ်

တာလီဘန်အနေဖြင့် ဟဲမန်းနှင့် ပါဝန်ပြည်နယ်များတွင် မီဒီယာလုပ်ငန်းများကို ပစ်မှတ်ထားသည့် မကြာသေးမီက အမိန့်ညွှန်ကြားချက်များကို ပြန်လည်ပယ်ဖျက်ပြီး သတင်းထောက်များအား လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ပြုရန် ဂျာနယ်လစ်များကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က ဖေဖော်ဝါရီလ ၂၂ ရက်တွင် တောင်းဆိုလိုက်သည်။

တာလီဘန်အရာရှိများသည် တောင်ပိုင်း ဟဲမန်းပြည်နယ်ရှိ သတင်းထောက်များနှင့် ဖေဖော်ဝါရီလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ပြီး တာလီဘန်ပိုင် ဟဲမန်း ရေဒီယိုရုပ်မြင်သံကြားနှင့် Bakhtar သတင်းဌာတို့အပါအဝင် မီဒီယာအားလုံးကို ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူး၊ ထုတ်လွှင့်ခွင့် မပြုကြောင်း ကြေညာခဲ့သည်ဟု မီဒီယာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ Nai နှင့် အမည်မဖော်လိုသည့် ပြည်တွင်း သတင်းထောက်တစ်ဦးက CPJ သို့ စာတိုပေးပို့ ပြောကြားခဲ့သည်။ 

ပုံနှိပ်မီဒီယာလုပ်ငန်းများကို ခွင့်ပြုထားခြင်း ရှိ၊ မရှိ တာလီဘန်အာဏာပိုင်များက ရှင်းလင်းပြောကြားခဲ့ခြင်း မရှိသော်လည်း ဗီဒီယိုနှင့် ဓာတ်ပုံများရိုက်ကူးခွင့် ပိတ်ပင်ထား၍ မည်သည့်သတင်းအကြောင်းအရာမျှ မထုတ်လုပ်နိုင်သည့်အတွက် Bakhtar သတင်းဌာနက ဟဲမန်းပြည်နယ်ရှိ လုပ်ငန်းများကို ရပ်ဆိုင်းထားခဲ့သည်။ 

ထို့ပြင် မြောက်ပိုင်း ပါဝန်ပြည်နယ်ရှိ တာလီဘန်အရာရှိများက မီဒီယာများအနေဖြင့် တာလီဘန်ပိုင် Bakhtar သတင်းဌာနက ထုတ်လွှင့်သည့် သတင်းအတိုင်း ၎င်းတို့၏ သတင်းထုတ်လွှင့်မှုပုံစံကို ပြောင်းလဲရန် ဖေဖော်ဝါရီ ၂၀ ရက်က အမိန့်ထုတ်ခဲ့ပြီး လွတ်လပ်စွာ သတင်းရယူထုတ်လွှင့်မှုအားလုံးကို တားမြစ်ပိတ်ပင်လိုက်ကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြထားပြီး အမည်မဖော်လိုသည့် အခြား ပြည်တွင်း သတင်းထောက်တစ်ဦးကလည်း CPJ သို့ စာတိုပေးပို့ကာ အတည်ပြုခဲ့သည်။

ဟဲမန်းနှင့်ပါဝန်ပြည်နယ်များတွင် မီဒီယာများအပေါ် တာလီဘန်၏ ပြင်းထန်သော တားမြစ်ကန့်သတ်ချက်များ သည် ပြည်တွင်းသတင်းအချက်အလက်ထိန်းချုပ်မှု မြင့်မားလာခြင်းကို ပြသနေသည်ဟု နယူးယောက်မြို့ရှိ CPJ ၏ အစီအစဉ်ဆိုင်ရာ ညွှန်ကြားရေးမှူး ကားလို့စ် မာတီနက်ဇ် ဒီလာ ဆာနာက ပြောကြားခဲ့သည်။ 

တာလီဘန်အနေနဲ့ အခုလို ဆိုးရွားတဲ့ အမိန့်တွေကို ချက်ချင်းရုပ်သိမ်းပြီး သတင်းထောက်တွေကို အရေးယူခံရမှာ စိုးရိမ်စရာမလိုဘဲ သတင်းပေးပို့ခွင့် ပြုရပါမယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာ သတင်းအချက်အလက်ရရှိရေးဟာ အဲဒီအချက်ပေါ် မူတည်နေပါတယ်” ဟု ကားလို့စ်က ပြောသည်။

ဗီဒီယိုနှင့် ဓာတ်ပုံရိုက်ခြင်းများကို အစ္စလာမ်ဘာသာတွင် တားမြစ်ထားသောကြောင့် တာလီဘန်ပိုင် မီဒီယာများကိုပါ တားမြစ်ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု ဟဲမန်းပြည်နယ် တာလီဘန်အုပ်ချုပ်ရေးမှူး အဗ္ဗဒူအာဟဒ် တာလစ်ဘ်က ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ အစည်းအဝေးသို့ တက်ရောက်လာသည့် သတင်းထောက်များအနေဖြင့် ယင်းအမိန့်ကို လူသိရှင်ကြား ဆွေးနွေးခြင်းမပြုရန်လည်း တာလီဘန် တာဝန်ရှိသူများက သတိပေးခဲ့သည်ဟု ဆိုသည်။

CPJ က တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇာဘီအူလာမူဂျဟစ်ထံ စာပေးပို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အကြောင်းပြန်ခြင်း မရှိသလို ဟဲမန်းပြည်နယ်အုပ်ချုပ်ရေးမှူးကိုလည်း ဆက်သွယ်၍ မရခဲ့ပေ။

သတင်းထောက်များကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က အာဖဂန်နစ္စတန်ရှိ မီဒီယာအကျပ်အတည်းနှင့်ပတ်သက်သည့် အထူးအစီရင်ခံစာကို ဩဂုတ်လတွင် ထုတ်ပြန်ခဲ့ပြီး အာဖဂန်ကို တာလီဘန်အဖွဲ့က ပြန်လည်သိမ်းယူပြီးနောက် ဆင်ဆာဖြတ်တောက်မှု၊ ဖမ်းဆီးမှု၊ တိုက်ခိုက်မှုနှင့် အမျိုးသမီး သတင်းထောက်များအပေါ် ကန့်သတ်မှုများပြုလုပ်ခြင်းဖြင့် သတင်းလွတ်လပ်ခွင့် လျင်မြန်စွာ ယိုယွင်းလာပုံကို အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly