တောင်တရုတ်ပင်လယ်တွင် ကမ်းခြေစောင့်တပ်များ ပူးတွဲကင်းလှည့်ရန် ဖိလစ်ပိုင်နှင့်အမေရိကန် ဆွေးနွေး

By Reuters
27 February 2023
တောင်တရုတ်ပင်လယ်တွင် ကမ်းခြေစောင့်တပ်များ ပူးတွဲကင်းလှည့်ရန် ဖိလစ်ပိုင်နှင့်အမေရိကန် ဆွေးနွေး

ဖိလစ်ပိုင်နှင့် အမေရိကန်က တောင်တရုတ်ပင်လယ်အပါအဝင် တခြားနေရာများတွင် ကမ်းခြေစောင့်တပ်များ ပူးတွဲကင်းလှည့်ရန် ဆွေးနွေးနေကြောင်း မနီလာမှ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီလ ၂၀ ရက်တွင် ပြောကြားလိုက်သည်။

မဟာဗျူဟာမြောက် ရေလမ်းကြောင်းကို ပိုင်ဆိုင်ကြောင်း အပြိုင်တောင်းဆိုမှုများနှင့်အတူ အမေရိကန်နှင့် တရုတ်ရေတပ် ထိပ်တိုက်တွေ့နိုင်သည့် တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ရန်လိုသောလှုပ်ရှားမှုများ အကြောင်းကို ဖိလစ်ပိုင်က ပိုမိုသတိပေးလာသည်။

တောင်တရုတ်ပင်လယ်အရေးဆိုင်ရာ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် (PCG) မှ ပြောရေးဆိုခွင့်ရှိသူ ဂျေးတယ်ရီ လာက အမေရိကန်နှင့်ဆွေးနွေးမှုသည် ကနဦးအဆင့်ကို ကျော်လွန်သွားခဲ့ပြီး ပူးတွဲကင်းလှည့်မှု လုပ်ဆောင်လာနိုင်ခြေ မြင့်မားကြောင်း ဖိလစ်ပိုင် CNN သို့ ပြောကြားခဲ့သည်။

အမေရိကန်နှင့် ဖိလစ်ပိုင်သည် တောင်တရုတ်ပင်လယ်တွင် ပူးတွဲရေကြောင်းကင်းလှည့်မှုများကို ပြန်လည် စတင်ရန် သဘောတူညီခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ ဖေဖော်ဝါရီလတွင် ပြောကြားခဲ့ပြီး တာရီလာက အဆိုပြုထားသည့် ကင်းလှည့်မှုအတိုင်းအတာနှင့် အချိန်အတိအကျကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

“အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ဖိလစ်ပိုင်ရေတပ်နှင့် အမေရိကန်ရေတပ်တို့ ပူးတွဲကင်းလှည့်တာကို ပံ့ပိုးပေးတဲ့အတွက် ဖြစ်နိုင်ခြေများပြီး နှစ်နိုင်ငံကမ်းခြေစောင့်တပ်တွေအကြား ပူးတွဲကင်းလှည့်ဖို့ သေချာ သလောက်ပါပဲ။ " ဟု တာရီလာက ပြောကြားခဲ့သည်။

“အမေရိကန်အစိုးရရဲ့ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်မူကို ထောက်ခံတဲ့အနေနဲ့ တောင်တရုတ်ပင်လယ်မှာ ကင်းလှည့်နိုင်ခြေများပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်ရေတပ်၏ ဒု-တပ်မှူးဟောင်း ရွမ်းမဲဂျူ့အွန်းက ရေတပ်အစား တောင်တရုတ်ပင်လယ်တွင် ကမ်းခြေ စောင့်တပ်ချထားခြင်းသည် မှားယွင်းတွက်ချက်မှုများကို လျော့ပါးစေပြီး ရေလမ်းကြောင်းတွင် တင်းမာမှုမြင့်တက်ရေး အကြောင်းပြချက်ရှာမည့် တရုတ်ကို တားဆီးနိုင်လိမ့်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ 

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာသည် ပြီးခဲ့သည့် သီတင်းပတ်က တရုတ်သံအမတ်အား ဆင့်ခေါ်ခဲ့ပြီး တောင်တရုတ်ပင်လယ်အတွင်း တရုတ်လုပ်ရပ်များ၏ အကြိမ်ရေနှင့် ပြင်းထန်လာမှုအပေါ် စိုးရိမ်ကြောင်း  ပြောဆိုခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly