အမှုကိစ္စများအတွက် ဒေါ်​အောင်ဆန်းစုကြည်တို့နှင့် ​တွေ့ခွင့်​ပေးရန် ​ရှေ့​နေအဖွဲ့ ​တင်ပြ​သော်လည်း စစ်​ကောင်စီက ​တွေ့ခွင့်မပြု​​

By 001 မဇ္စျိမ
26 February 2023
အမှုကိစ္စများအတွက် ဒေါ်​အောင်ဆန်းစုကြည်တို့နှင့် ​တွေ့ခွင့်​ပေးရန် ​ရှေ့​နေအဖွဲ့ ​တင်ပြ​သော်လည်း စစ်​ကောင်စီက ​တွေ့ခွင့်မပြု​​

 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့နှင့် အမှုကိစ္စများ တွေ့ဆုံဆွေးနွေးနိုင်ရန် ၎င်းတို့၏ ရှေ့နေအဖွဲ့က စစ်ကောင်စီထံသို့ ပြီးခဲ့သည့် ဇန်နဝါရီလ ဒုတိယအပတ်က ​တွေ့ဆုံခွင့် တင်ပြခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

၎င်းတို့ နှစ်ဦးအပေါ်စွဲဆိုထားသည့်အမှုများမှာ အပြီးသတ်အမိန့်များ ချမှတ်ပြီးစီးသွားပြီဖြစ်သော်လည်း ကျန်ရှိသည့် အယူခံ အမှုများအတွက် တွေ့ဆုံဆွေးနွေးနိုင်ရန် တင်ပြခဲ့​သော်လည်း မရရှိ​သေး​ခြင်းဖြစ်ကြောင်း သိရသည်။

ထို့​ကြောင့် ၎င်းတို့၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍လည်း သေချာမသိရှိရဘဲ နှစ်ဦးစလုံးမှာလည်း အသက်ရွယ်ကြီးမြင့်သူများဖြစ်သည့်အတွက် စိုးရိမ်မိကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတဦးဝင်းမြင့်တို့အပေါ် စွပ်စွဲထားသည့် အမှုများထဲမှ နောက်ဆုံးကျန်ရှိသည့် အမှုများကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၀ ရက်နေ့က အပြီးသတ်အမိန့်များချမှတ်ပြီးနောက်ပိုင်း ရှေ့နေအဖွဲ့နှင့် လူချင်းတွေ့ဆုံခွင့်မရှိတော့ဘဲ အဆက်အသွယ်ပြတ်တောက်သွားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီ၏ တရားရုံးက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃နှစ်ချမှတ်ပြီး နေပြည်တော်အချုပ်ထောင်တွင် ထိန်းသိမ်းထားကြောင်း သိရသည်။

သမ္မတဦးဝင်းမြင့်ကိုမူ အမှုပေါင်းရှစ်မှုအတွက် ထောင်ဒဏ် ၁၂ နှစ်ချမှတ်ကာ သီးသန့်ထိန်းသိမ်းထားသည့်နေရာမှ တောင်ငူထောင်သို့ ပြောင်းရွှေ့ချုပ်နှောင်ခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required