လူထုအောင်ပွဲ ကြည်နူးပျော်ပွဲ

လူထုအောင်ပွဲ ကြည်နူးပျော်ပွဲ

မြန်မာလူထုသည် တကြိမ်တခါမျှ မခံစားဖူးသော အရသာထူးများကို ခံစားနေရသည်။ ပီတိဟု ပြောလျှင် ပိုမှန်ပါသည်။ မုဒိတာဟုလည်း ပြော၍ရသည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း အင်န်အယ်လ်ဒီအောင်ပွဲကို လူထုအောင်ပွဲဟု စောစောပိုင်းကတည်းက သတ်မှတ် ခေါ်ဝေါ်ခဲ့သည်။

ပြည်သူများသည် ၎င်းတို့၏ သက်တမ်းအတွင်း ပထမဆုံးသော လူထုသမ္မတကို တင်မြှောက် နိုင်ခဲ့သည်။ နှစ်ပေါင်း ၅၀ ကျော် စစ်အာဏာရှင်များအောက်တွင် မသေရုံတမယ် ရှင်သန်နေထိုင်ခဲ့ရ သည်ဖြစ်ရာ မတ် ၁၅ လူထုအောင်ပွဲတွင် ပြည်သူတချို့သည် ဝမ်းနည်းဝမ်းသာ ငိုကြွေးကြသည်။ လွန်လေပြီးသော မိခင်ဖခင်နှင့် ဆွေမျိုးသားချင်း ညီအကိုမောင်နှမတို့ကို တမ်းတကြသည်။ တောက် တခေါက်ခေါက်နှင့် ရဲဘော်ရဲဘက် သူငယ်ချင်းများကို သတိရကြသည်။ လူကြီးတချို့ကား ဝမ်းသာလွန်းလှသဖြင့် တုန်တုန်ယင်ယင် ဖြစ်ခဲ့ကြသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် လူထုပါတီ အင်န်အယ်လ်ဒီသည် တောင်ပြိုကမ်းပြို နိုင်ခဲ့ သည်။ လူထု၏ မပြောင်းလဲသော၊ မယိမ်းယိုင်သော ထောက်ခံမှုသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အင်န်အယ်လ်ဒီကို ဆက်လက် ပေးနေဆဲဖြစ်သည်။ အင်န်အယ်လ်ဒီပါတီ၊ အင်န်အယ်လ်ဒီ လွှတ်တော် နှင့် အင်န်အယ်လ်ဒီအစိုးရသည် လူထုကို မျက်နှာမူကြောင်း ခေတ်အဆက်ဆက်၊ နှစ်အဆက်ဆက်နှင့် မကြာမီက လုပ်ဆောင်ချက်များအရ ပေါ်လွင်လျက် ရှိသည်။

ပင်နီဝတ်များသည် လူထုကို သစ္စာခံကြသည်။ လူထုသည် အင်န်အယ်လ်ဒီကို ရဲရဲတောက် ထောက်ခံခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးရေး ခရီးစဉ်များ တွင် အနီရောင်လူ ပင်လယ်များကို တွေ့ခဲ့ရသည်။ အင်န်အယ်လ်ဒီ လွှတ်တော်များသည် တိုင်းရင်း သားများကို အဓိက ဇာတ်ဆောင်များအဖြစ် လည်းကောင်း၊ နှစ်ပေါင်းများစွာ လူထုမြင်လိုတွေ့လို သည်များကို လည်းကောင်း သေသေချာချာ ထည့်သွင်း ဖော်ဆောင်ခဲ့သည်။ လွှတ်တော်ဆောင်ပုဒ် များသည် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းဖြစ်သည့် အင်န်အယ်လ်ဒီ လွှတ်တော်များအလှည့် တွင် လက်တွေ့မျက်တွေ့ အသက်ဝင်ခဲ့ပြီ ဖြစ်သည်။

မတ် ၁၅ တွင် လူထုသမ္မတအဖြစ် နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် ရွေးကောက် တင်မြှောက်ခံခဲ့ရသူ သမ္မတဦးထင်ကျော်သည် ၎င်းဦးဆောင်မည့် အစိုးရသစ်ပုံစံကို ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့ရာ မတ် ၁၇ တွင် လွှတ်တော်နာယက က လွှတ်တော်ကို ရှင်းပြခဲ့သည်။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ဖောင်းပွစွာ ကိုယ့်လူကိုယ်နေရာပေးမှုဖြင့် ပြည်သူ့ဘဏ္ဍာ များကို ဖြုန်းတီးသကဲ့သို့ လိုအပ်သည်ထက် ပိုမိုသုံးစွဲခဲ့ခြင်းကို အင်န်အယ်လ်ဒီအစိုးရက တည့်မတ်လို ပုံ ရသည်။ မတ် ၁၇ လွှတ်တော် အစည်းအဝေးအရ အစိုးရသစ်လက်ထက်တွင် ဝန်ကြီးဌာန ၂၁ ခုနှင့် ဝန်ကြီး ၁၈ ဦးသာ ထားရှိမည်ဟု သိရသည်။

အင်န်အယ်လ်ဒီနှင့် ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်သမျှသည် လူထုကို မျက်နှာမူပြီး ဆောင်ရွက်နေသည်ဖြစ်ရာ အကောင်းဆုံးမဟုတ်တောင် စစ်အစိုးရနှင့် နောက်ဆက်တွဲ အစိုးရများ ထက် များစွာ ကောင်းမွန်မည်မှာ သေချာသည်။ တိုင်းရင်းသားအရေးကို ဂရုစိုက်သည့်အနေနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနတခုသည် အင်န်အယ်လ်ဒီ အစိုးရလက်ထက်တွင် ပါဝင်လာဦးမည် ဖြစ်သည်။ ဤစာရင်းများသည် ရှေ့လာမည့် လွှတ်တော်အစည်းအဝေးများတွင် ဆက်လက် ဆွေးနွေး ပြီး အတည်ပြုဖွယ် ရှိသည်။

ပြည်သူ့ခေတ်ကို ရောက်ရမည်ဟု မဇ္ဈိမက ဆိုချင်သည်။ ယခင်က အစိုးရဘာလုပ်နေသည်၊ လွှတ်တော် ဘာလုပ်နေသည်ကို ပြည်သူများက စိတ်မဝင်စားပါ၊ ထဲထဲဝင်ဝင် စိတ်ဝင်စား၍လည်း မရပါ။ အစိုးရသည် ရေမြေ့သနင်း ပြည့်ရှင်မင်းသဖွယ် အထက်စီးက ထင်ရာလုပ်ခဲ့သည်။ ကျောင်းသားလူငယ်များ၊ ကျေးဇူးရှင် တောင်သူဦးကြီးများနှင့် အောက်ခြေရှိ အငယ်တန်း အလုပ်သ မားများကိုပင် စာနာစိတ်မရှိဘဲ ထောင်သွင်းအကျဉ်းချ ဖမ်းဆီး နှိပ်စက်ခဲ့သည်။ သမ္မတသည် သမ္မတ မပြောသင့်သော စကားတို့ကို ပြောခဲ့သည်။ လူဆိုးသူခိုးများကို အကြိမ်ပေါင်းများစွာ ထောင်မှ လွှတ်ပေးခဲ့သည်။

လာလတ္တံသော ရက်၊ လ၊ နှစ်ချီ ကာလများသည် ပြည်သူ့အောင်ပွဲ ဖြစ်စေချင်သည်။ ပြည်သူ လူထုသည် ၎င်းတို့ ယုံကြည်ကိုးစားသော ဒေါ်အောင်ဆန်းစုကြည်နှင့် အင်န်အယ်လ်ဒီအား တိုင်းပြည် ၏ အရေးအရာများကို ဆောင်ရွက်ပါမည့်အကြောင်း အခွင့်အာဏာပေးထားခဲ့ပြီး ဖြစ်သည်။ နှစ်ပေါင်း ၅၀ ကျော် သို့မဟုတ် ဘဝတသက်တာလုံး ဆုံးရှုံးခဲ့သော အခွင့်အရေးများကို ပြန်လည်ရရှိရန် ယခု တကြိမ်သည် လူထုအခွင့်အရေး ဖြစ်သင့်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အင်န်အယ်လ်ဒီ ဦးဆောင်မှုဖြင့် လူထုသည် အောင်နိုင်ရမည်၊ ပျော်ရွှင်ရမည်ဟု မဇ္ဈိမက ယုံကြည်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly