ကေအဲန်ယူတပ်မဟာ(၅)နယ်မြေမှ စစ်ကောင်စီတပ်စခန်းတစ်ခုကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက် 

By MTOမဇ္ဈိမ
25 February 2023
ကေအဲန်ယူတပ်မဟာ(၅)နယ်မြေမှ စစ်ကောင်စီတပ်စခန်းတစ်ခုကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက် 

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၅)နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်စခန်းတစ်ခုကို ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက်အစောပိုင်းတွင် ပူးပေါင်းမဟာမိတ်တပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သားအလောင်းတစ်လောင်းနှင့်လက်နက်နှစ်လက် ရရှိခဲ့ကြောင်း ဗမာပြည်သူလွတ်မြောက်ရေးတပ်မတော် (BPLA) က သတင်းထုတ်ပြန်သည်။ 

စစ်ကောင်စီတပ်နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်( BGF )ပူးပေါင်းတပ်စခန်းကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)နှင့် Force for Federal Democracy(FFD)တို့ပါဝင်သော မဟာ မိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များက ယနေ့နံနက် (၆) နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ 

မိနစ်အနည်းငယ်ကြာပစ်ခတ်ရုံဖြင့် ရန်သူများကြောက်လန့်တကြား စခန်းစွန့်ခွာထွက်ပြေးသွားကြသည် ဟု BPLAက ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် BGF တပ်ဖွဲ့ဝင်များသည် ကြောက်လန့်တကြားဖြင့် စခန်းကို စွန့်ခွာထွက်ပြေးသွားပြီး တိုက်ပွဲစတင်ပြီး မိနစ် ၃၀ အကြာမှာပင် စခန်းကိုသိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့မှအလောင်းတစ်လောင်း၊သေနတ်နှစ်လက်နှင့် ဆက်စပ်ပစ္စည်းများရရှိခဲ့ကြောင်း BPLA က  ထုတ်ပြန်ထားသည်။
 
တိုက်ပွဲအတွင်း မဟာမိတ်ပူးပေါင်းအဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ကြောင်း BPLA က ထုတ်ပြန်ထားသည်။ 
ယနေ့နံနက် အစောပိုင်းကလည်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)နယ်မြေမှဘုရားသုံးဆူမြို့ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်၌ ထိခိုက်မှုများကြောင်း ကနဦးသိရပြီး အသေးစိတ်သတင်းအချက်ကို မေးမြန်းနေဆဲဖြစ်သည်။

စာတည်း - မောင်ကြီး 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly