အမေရိကန်နှင့်တရုတ်ကြား ဆက်ဆံရေး တင်းမာနေချိန် ကွန်ဂရက်ကိုယ်စားလှယ်အဖွဲ့ ထိုင်ဝမ်သို့ သွားရောက် 

အမေရိကန်နှင့်တရုတ်ကြား ဆက်ဆံရေး တင်းမာနေချိန် ကွန်ဂရက်ကိုယ်စားလှယ်အဖွဲ့ ထိုင်ဝမ်သို့ သွားရောက် 

အမေရိကန်လွှတ်တော်အမတ်များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်သို့  ၅ ရက်ကြာခရီးစဉ်အဖြစ် ဖေဖော်ဝါရီ ၂၀ ရက်က ရောက်ရှိခဲ့ကာ ထိုင်ဝမ်လွှတ်တော်ဥက္ကဋ္ဌနှင့်တွေ့ဆုံခဲ့သည်။ သူလျှိုမိုးပျံပူဖောင်းကိစ္စနှင့်ပတ်သက်ပြီး အမေရိကန်နှင့်တရုတ်တို့ အပြန်အလှန် စွပ်စွဲပြစ်တင်ပြီးနောက် သီတင်းပတ်ပေါင်းများစွာအကြာ နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေဆဲအချိန်တွင် ယခုခရီးစဉ်ပေါ်ပေါက်လာခြင်းဖြစ်သည်။

ထိုင်ဝမ်သို့ ဖေဖော်ဝါရီ ၂၀ ရက်က ရောက်ရှိလာသော ကိုယ်စားလှယ်အဖွဲ့တွင် ကယ်လီဖိုးနီးယားပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ် ရိုခန်းနား၊ တက္ကဆက်မှ တိုနီဂွန်ဇဲလက်စ်၊ မက်ဆာချူးဆက်မှ ဂျိတ်အော်ချင်ကလော့စ်နှင့် အီလီနွိုက်မှ ဂျိုနက်သန်ဂျက်ဆင်တို့ ပါဝင်သည်။

အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဆီလီကွန်တောင်ကြားဒေသကိုယ်စားပြု ဒီမိုကရက်အမတ်တစ်ဦးဖြစ်သူ ရိုခန်းနားသည် တစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်းတွင် ထိုင်ဝမ်၏ အခန်းကဏ္ဍကို လေ့လာရန် ရောက်ရှိလာခြင်းဖြစ်သည်။ ခန်းနားနှင့် ဂျိတ်အော်ချင်ကလော့စ်တို့သည် တရုတ်နိုင်ငံနှင့်ယှဉ်ပြိုင်မှုဆိုင်ရာ အောက်လွှတ်တော်အထူးကော်မတီသစ်မှ အဖွဲ့ဝင်များဖြစ်သည်။

တရုတ်က ထိုင်ဝမ်နှင့် ပြည်ပအစိုးရများကြား ထိတွေ့ဆက်ဆံမှုမှန်သမျှကို ဆန့်ကျင်နေသောကြောင့် ထိုခရီးစဉ်တွင် ကြုံတွေ့ရသည့် သွယ်ဝိုက်ခြိမ်းခြောက်မှုများအကြောင်းကို ခန်းနားက ထုတ်ဖော်ပြောကြားခဲ့သည်။ 

“ဒီကိုလာဖို့ ကြိုးပမ်းတာဟာ တရုတ်ကို ရန်စတာမဟုတ်ပါဘူး၊ ထိုင်ဝမ်နဲ့ ဆက်ဆံရေးရဲ့ အရေးပါမှုကို အသိအမှတ်ပြုတဲ့ သမ္မတရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ အညီ လာရောက်တာဖြစ်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးကို အတတ်နိုင်ဆုံး ဖော်ဆောင်သွားပါမယ်” ဟု ခန်းနားက ပြောကြားခဲ့သည်။

ထိုင်ဝမ်သည် ဘယ်တုန်းကမှ နိုင်ငံတစ်ခု မဟုတ်ခဲ့သလို၊ နောင်လည်း နိုင်ငံတစ်ခု ဖြစ်လာမှာ မဟုတ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ထိပ်တန်းအရာရှိ ဝမ်ယိက မြူးနစ်လုံခြုံရေးညီလာခံ၌ ပြီးခဲ့သော သီတင်းပတ်ကုန်က ပြောကြားခဲ့သည့်အပေါ် ထိုင်ဝမ်လွှတ်တော် ဥက္ကဋ္ဌ ယူစီကွန်က ပြန်လည်တုံ့ပြန်ခဲ့သည်။ 

"တရုတ်က သမိုင်းကြောင်းအမှန်ကို မသိကျိုးကျွံပြုပြီး ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်ကြောင်း ပြောဆိုထားတယ်။ ထိုင်ဝမ်ဟာ လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်ပြီး တရုတ်ရဲ့အုပ်ချုပ်မှုကို ၁ ရက်ကလေးတောင် မခံခဲ့ရပါဘူး"ဟု ယူစီကွန်က ပြောကြားခဲ့သည်။ 

ပင်တဂွန် အကြီးတန်းအရာရှိတစ်ဦး၏ ဖေဖော်ဝါရီလ ၁၇ ရက်က ခရီးစဉ်အပြီးတွင် အဆိုပါ ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ် ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း Financial Times တွင် ဖော်ပြခဲ့သည်။

“ပင်တဂွန်မှ တရုတ်ရေးရာ ဒုလက်ထောက်ကာကွယ်ရေးဝန်ကြီး မိုက်ကယ်ချေ့စ်၏ ခရီးစဉ်နှင့် ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးခြင်း မရှိခဲ့ဘဲ ထိုင်ဝမ်အပေါ် မိမိတို့၏ ကတိကဝတ်မှာ ခိုင်မာပြီး ထိုင်ဝမ်ရေလက်ကြားတစ်လျှောက်နှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရာတွင် အထောက်အကူပြုကြောင်းသာ ထပ်မံပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly