ရုရှားထံ လက်နက်များ ပေးပို့နိုင်ခြေရှိကြောင်း အမေရိကန်၏ ပြောဆိုချက်ကို တရုတ် ငြင်းဆို

ရုရှားထံ လက်နက်များ ပေးပို့နိုင်ခြေရှိကြောင်း အမေရိကန်၏ ပြောဆိုချက်ကို တရုတ် ငြင်းဆို

တရုတ်သည် ယူကရိန်းစစ်ပွဲတွင် ရုရှားကို လက်နက်များထောက်ပံ့ရန် စဉ်းစားနေကြောင်း အမေရိကန်၏ ပြောဆိုချက်ကို တရုတ်က ပြင်းပြင်းထန်ထန် ငြင်းဆိုလိုက်ပြီး ပဋိပက္ခ အဆုံးသတ်ရေး ဆွေးနွေးသွားရန် ထပ်မံ တောင်းဆိုလိုက်သည်။

တရုတ်သည် ယခုအခါ ရုရှားအား ခဲယမ်းမီးကျောက်မှသည် လက်နက်များအထိ လူကိုသေစေနိုင်သော အထောက်အပံ့များ ပေးအပ်ရန် စဉ်းစားနေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်န်က ဖေဖော်ဝါရီလ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်၏ ပြောကြားချက်နှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်းက “စစ်မြေပြင်ကို လက်နက်တွေ အတောမသတ် ပေးပို့နေတာ အမေရိကန်ဖြစ်ပြီး မိမိတို့ မဟုတ်ကြောင်း” ဖေဖော်ဝါရီလ ၂၀ ရက်တွင် တုံ့ပြန်ခဲ့သည်။

တရုတ်နိုင်ငံသည် မဟာဗျူဟာ မိတ်ဖက်နိုင်ငံဖြစ်သည့် ရုရှားကို သံတမန်ရေးအရ ကျောထောက်နောက်ခံပြုရင်း ကြားနေအဖြစ်ရပ်တည်ရန် ကြိုးပမ်းနေကာ ယူကရိန်းအပေါ် ရုရှား၏ ထိုးစစ်သည် တရုတ်အတွက် အရေးကြီးသော ပြဿနာတစ်ရပ် ဖြစ်လာသည်။

ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးအရ အဖြေရှာရန် အဆိုပြုချက်တစ်ရပ်ကို ယခုသီတင်းပတ်တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း တရုတ်က ဖေဖော်ဝါရီလ ၁၈ ရက်က ကြေညာခဲ့သည်။

ထို့ပြင် ဝမ်ယိက တရုတ်သည် တွေ့ဆုံဆွေးနွေးရေးဘက်က ရပ်တည်ကြောင်း မြူးနစ်ညီလာခံတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် နျူကလီးယား ဓာတ်အားပေးစက်ရုံများအား တိုက်ခိုက်ခြင်းကို ဆန့်ကျင်ကြောင်း၊ ဇီဝဓာတုလက်နက်များ အသုံးပြုခြင်းကိုလည်း ကန့်ကွက်ကြောင်းနှင့် သက်ဆိုင်သူအားလုံးနှင့် လက်တွဲဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ဝမ်ယိက ထုတ်ဖော်ပြောဆိုခဲ့သည်။

ယူကရိန်းစစ်ပွဲအတွက် ရုရှားအား လက်နက်များ ထောက်ပံ့ခြင်းမပြုရန် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲက တရုတ်ကို ဖေဖော်ဝါရီလ ၂၀ ရက်က သတိပေးခဲ့သည်။

တရုတ်သူလျှိုမိုးပျံပူဖောင်းကို ယခုလအစောပိုင်းတွင် အမေရိကန်က ပစ်ချပြီးခဲ့နောက် တရုတ်နှင့် အမေရိကန်ကြား ဆက်ဆံရေး ပိုမိုတင်းမာလာချိန်တွင် ဘလင်ကင်န်၏ စွပ်စွဲချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly