အမေရိကန်နှင့် ဆက်ဆံရေးပျက်ပြားနေချိန်တွင် တရုတ်က ဥရောပသမဂ္ဂခေါင်းဆောင်များကို တွေ့ဆုံလို 

အမေရိကန်နှင့် ဆက်ဆံရေးပျက်ပြားနေချိန်တွင် တရုတ်က ဥရောပသမဂ္ဂခေါင်းဆောင်များကို တွေ့ဆုံလို 

တရုတ်နှင့် ဥရောပသမဂ္ဂခေါင်းဆောင်များသည် တွေ့ဆုံဆွေးနွေးရေးအတွက် ပြင်ဆင်ထားသင့်ကြောင်း တရုတ် နိုင်ငံခြားရေးမူဝါဒ ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားလိုက်ခြင်းသည် အမေရိကန်နှင့်ဆက်ဆံရေး ဆိုးရွားလာစဉ် ဥရောပအား ဆွဲဆောင်စည်းရုံးရန် ကြိုးပမ်းခြင်းဖြစ်နိုင်သည်။

တရုတ်နှင့် ဥရောပသည် ကပ်ရောဂါဖြစ်ပွားမှုမတိုင်မီကာလက ရှိခဲ့သည့် ဆက်ဆံရေးအဆင့်သို့ တတ်နိုင်သမျှ မြန်မြန် ပြန်လည်တည်ဆောက်သင့်သည်ဟု ဝမ်ယိက ဂျာမနီနိုင်ငံ မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပသမဂ္ဂမှ အရာရှိ ဂျိုးဆက်ဘော်ရယ်အား ဖေဖော်ဝါရီလ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

"နှစ်ဖက်စလုံးသည် သွေးမကွဲဘဲ ပွင့်လင်းမြင်သာစွာ ပူးပေါင်းဆောင်ရွက်သင့်ပြီး၊ ကမ္ဘာ့ထုတ်လုပ်မှုနှင့် ဖြန့်ချိရေးလုပ်ငန်းစဉ်များ၏ တည်ငြိမ်မှုကို ထိန်းသိမ်းရန် အတူတကွ လုပ်ဆောင်သင့်သည်" ဟု ဝမ်က ဖေဖော်ဝါရီလ ၁၉ ရက်က ထုတ်ပြန်သော တရုတ်နိုင်ငံခြားရေးဌာန ကြေညာချက်တွင် ဖော်ပြထားသည်။

တရုတ်နှင့် ဥရောပသည် ပြိုင်ဖက်များမဟုတ်ဘဲ မိတ်ဖက်များဖြစ်ကြပြီး အပြန်အလှန်ဖလှယ်မှု၊ နားလည်မှု တိုးမြှင့်ရန်နှင့် ဥရောပနှင့်အပြန်အလှန်ယုံကြည်မှု ပိုမိုနက်ရှိုင်းစေရေးဆောင်ရွက်ရန် တရုတ်က အဆင်သင့်ရှိကြောင်း ဝမ်က ပြောကြားခဲ့သည်။

စစ်ဘက်နည်းပညာတိုးတက်မှုကို ဟန့်တားသည့်တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်က နယ်သာလန်၊ ဂျပန်တို့နှင့် တရုတ်သို့ အဆင့်မြင့်ချစ်ပ်ထုတ်လုပ်ရေး စက်ကိရိယာများတင်ပို့မှုကို ကန့်သတ်ရန် ဇန်နဝါရီတွင် သဘောတူညီချက်တစ်ရပ် ရရှိခဲ့သောကြောင့် တရုတ်က နိုင်ငံများနှင့် ယင်းနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် စည်းရုံးနေသည်။

ဝမ်နှင့် ဂျိုးဆက်ဘော်ရယ်တို့ ဖေဖော်ဝါရီလ ၁၈ ရက်က တွေ့ဆုံရာတွင် ယူကရိန်းအရေးကို ဆွေးနွေးခဲ့ပြီး တရုတ်က ငြိမ်းချမ်းရေးနှင့် ဆွေးနွေးပွဲများကို တိုးမြှင့်လုပ်ဆောင်ရန် တောင်းဆိုခဲ့ကာ ဥရောပသမဂ္ဂနှင့် ဆက်သွယ်မှု ပိုမိုခိုင်မာပြီး နိုင်ငံရေးအရ အဖြေရှာလိုကြောင်း ဝမ်ယိက ပြောကြားခဲ့သည်။

နယ်သာလန်အနေဖြင့် ကမ္ဘာ့စက်မှုလုပ်ငန်းနှင့်ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းစဉ်များ တည်ငြိမ်ရေးနှင့် ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာမှုကို မြှင့်တင်ရာတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်နိုင်မည်ဟု မျှော်လင့်ကြောင်း ဝမ်က ပြောကြားခဲ့သည်။

တရုတ်ထိပ်တန်းသံတမန်သည် မြူးနစ်တွင် နယ်သာလန်နိုင်ငံခြားရေးဝန်ကြီး ဝေါ့ပ်ကဲဟိုစထရာနှင့်လည်း တွေ့ဆုံခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဥရောပကောင်စီဥက္ကဋ္ဌ ချားစ်မစ်ချယ်လ်၊ ဥရောပကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ အာဆူလာဗွန်ဒါလိုင်ယွန်တို့နှင့် ၂၀၂၂ ခုနှစ် ဧပြီလတွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့သလို ၂၀၂၂ ခုနှစ်နှောင်းပိုင်းက ပေကျင်းမြို့၌ ချားစ်မစ်ချယ်လ်နှင့် တွေ့ဆုံခဲ့ပြီး ယူကရိန်းစစ်ပွဲကို ဖြေရှင်းရေး ကြိုးပမ်းအားထုတ်မှုများလုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly