မဏိပူပြည်နယ်အတွင်းရှိ မြန်မာစစ်ဘေးရှောင်အချို့ နှင်ထုတ်ခံရမည့် အရေးကြုံတွေ့နေ

By ပါခွီး
24 February 2023
မဏိပူပြည်နယ်အတွင်းရှိ မြန်မာစစ်ဘေးရှောင်အချို့ နှင်ထုတ်ခံရမည့် အရေးကြုံတွေ့နေ

မဇ္စျိမ။။ အိန္ဒိယနိုင်ငံ ၊ မဏိပူရပြည်နယ်အတွင်း မြန်မာစစ်ဘေးရှောင်များ ခိုလှုံနေသော ကျေးရွာတစ်ရွာသို့ ဒေသအာဏာပိုင်များ လာရောက်၍ တရားမဝင်နေထိုင်သဖြင့် မြန်မာနိုင်ငံသို့ ပြန်ကြရန်ပြောဆိုခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၂ရက်နေ့တွင် မဏိပူရပြည်နယ် ချန်ဒယ်ခရိုင်မှ အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် နယ်မြေခံရဲ အင်အား ၄၀ခန့်သည် မြန်မာစစ်ဘေးရှောင်များ ခိုလှုံနေသည် Gampha Jol ကျေးရွာသို့ ရောက်လာခဲ့ပြီး တရားမဝင်နေထိုင်ခြင်းဖြစ်သောကြောင့် မိမိတို့တိုင်းပြည်သို့ ပြန်ကြရန် ရွာလူကြီးကို ပြောဆိုကြောင်း သိရသည်။

“ကျနော်တို့ စစ်ဘေးရှောင်ထဲက အိမ် သုံးလုံးကို ဖျက်ဆီးခဲ့ကြပြီး တစ်ပတ်အချိန်ပေးမယ်ပြောတယ်၊ တစ်ပတ်အတွင်း ထွက်မသွားရင် ဘူဒိုဇာနဲ့ အိမ်တွေကိုဖျက်မယ်၊ ရွာကိုလည်းမြေလှန်မယ်လို့ ပြောတယ်” ဟု မြန်မာစစ်ဘေးရှောင်ခေါင်းဆောင်တစ်ဦးက ပြောသည်။

သို့ရာတွင် စစ်ဘေးရှောင်များအနေဖြင့် တမူးမြို့နယ်အတွင်းရှိ ၎င်းတို့ကျေးရွာတွင် တိုက်ပွဲများဖြစ်ခဲ့ပြီး လူနေအိမ်များလည်း မီးရှို့ခံခဲ့ရသဖြင့် အသက်အန္တရာယ်စိုးရိမ်ရ၍ လုံခြုံမှုမရှိသည့်အတွက် ပြန်လိုခြင်းမရှိကြောင်း ဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ရက်တွင် ဒေသတွင်းရှိ ရဲစခန်းမှူးက ရွာမှထွက်ခွာကြရန်နှင့် ၎င်းတို့အနေဖြင့် အထက်မိန့်အရ အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း ထပ်မံအသိပေးလာကြောင်း သိရသည်။

ယင်းနောက် ဒေသခံရွာလူကြီးမှတစ်ဆင့် မဏိပူပြည်နယ်၏ ဝန်ကြီးတစ်ဦးက ချန်ဒယ်ခရိုင်အာဏာပိုင်များကို ၎င်းအနေဖြင့် စစ်ဘေးရှောင်များ အေးချမ်းစွာနေထိုင်နိုင်ရန် ပြောဆိုထားပြီးဖြစ်သဖြင့် ဆက်လက်နေထိုင်ကြရန် အသိပေးလာကြောင်း မြန်မာစစ်ဘေးရှောင်ခေါင်းဆောင်က ဆက်လက်ပြောဆိုသည်။

သို့သော် ၎င်းတို့အနေဖြင့် ဒေသအာဏာပိုင်များ ရာဇသံပေးထားသော တစ်ပတ်အတွင်း ထွက်ရမည်ဆိုသည့်စကားကြောင့် စိတ်ချလက်ချ နေနိုင်ခြင်းမရှိဘဲ စိုးရိမ်ပူပန်နေရကြောင်း သိရသည်။

အဆိုပါကျေးရွာတွင် မြန်မာစစ်ဘေးရှောင် ဦးရေ ၄၅၀ကျော်ရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကူညီပံ့ပိုးမှုဖြင့် အလယ်တန်းကျောင်း ဖွင့်လှစ်သင်ကြားနေပြီး အထက်တန်းအထိ တိုးချဲ့သွားရန်စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

နယ်စပ်ကျေးရွာဖြစ်သဖြင့် အလုပ်အကိုင်ရှားပါးပြီး စားဝတ်နေရေးအလွန်ခက်ခဲကာ ရံဖန်ရံခါ ဒေသတွင်းရှိ ဘာသာရေးအဖွဲ့အချို့ထံမှ ဆန်နှင့်စားသောက်စရာများ လက်ခံရရှိကြောင်း ဆိုသည်။

မဏိပူရပြည်နယ်ရှိ အာဏာပိုင်များမှ Illegal Migrants Verification ပြုလုပ်ရန် စီမံချက်များချပြီးနောက် မြန်မာနိုင်ငံသားများနေထိုင်ရာဒေသများတွင် စစ်ဆေးမှုများ ပြုလုပ်သွားနိုင်ကြောင်း ဒေသတွင်းသတင်းအရင်းမြစ်များထံမှ သိရှိရသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly