မိုးကုတ်တွင် စစ်‌ကောင်စီတပ်ဖွဲ့ လုံခြုံရေးချထားသည့် ရပ်ကွက်ရုံး တိုက်ခိုက်ခံရပြီး ၅ဦးသေဟုဆို

မိုးကုတ်တွင် စစ်‌ကောင်စီတပ်ဖွဲ့ လုံခြုံရေးချထားသည့် ရပ်ကွက်ရုံး တိုက်ခိုက်ခံရပြီး ၅ဦးသေဟုဆို

မဇ္စျိမ။   ။မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် ယမန်နေ့နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ စခန်းချနေထိုင်သည့် အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်တိုက်ခိုက်ခံရပြီး ငါးဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

“လက်နက်ကြီးသံ တစ်ချက်ကြားပြီး ဆက်တိုက်ဆိုသလိုပဲ သေနတ်သံတွေထပ်ကြားရတယ်၊ ပစ်ခတ်သံက နာရီ၀က်လောက်ကြာမယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

မိုးကုတ်မြို့အနောက်ပိုင်း၊ ကသည်းအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် စခန်းချနေထိုင်နေသော စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက် နံနက် ၅ နာရီ ၄၀ မိနစ်ခန့်တွင် တပ်ရင်းနှစ်ရင်း ပူးပေါင်းစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မိုးကုတ်အခြေပြုတပ်ရင်းများအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

“တပ်ရင်းနှစ်ခုပေါင်းထားတဲ့ စစ်ဆင်ရေးအဖွဲ့က 79 လက်ထောက် (လက်နက်ကြီး)နဲ့ အရင်ပစ်ပြီး လက်နက်ငယ်တွေနဲ့ ဆက်ပစ်တယ်၊ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး စကစ(စစ်ကောင်စီတပ်ဖွဲ့) ဘက်က ငါးယောက်ကျတယ် နှစ်ယောက် ပြင်းထန်ဒဏ်ရာရပါတယ်၊ အပျက်အစီးတွေကိုတော့ ချက်ချင်းပြန်ပြင်ဆင်နေတယ်လို့ သတင်းရပါတယ်” ဟု ၎င်းအဖွဲ့ ပြန်ကြားရေးတာ၀န်ရှိသူတစ်ဦးက မဇ္စျိမသို့ပြောသည်။

စစ်ဆေးရေးအတွင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၁၂၂၁)နှင့် (၁၂၂၃) တို့ပူးပေါင်း ပါ၀င်ခဲ့ကြောင်း၊ လက်နက်ကြီးများဖြင့်ဦးစွာပစ်ကူပြီး၊ လက်နက်ငယ်များဖြင့် ဆက်တိုက်၀င်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် အဆိုပါအုပ်ချုပ်ရေးမှူးရုံး အမိုးပွင့်ထွက်ပြီး၊ ဘေးနံရံ ပေါက်ထွက်ကြောင်း နောက်ဆုံးရရှိသည့်သတင်းအရ စစ်ကောင်စီဘက်က ငါးဦးသေဆုံးပြီး နှစ်ယောက်ဒဏ်ရာရရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required