ဗုံးပစ်ခံရမည်စိုး၍ သံဇကာများကာထားသည့် မြောက်ဥက္ကလာပ (င)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်ခံရ

By ဂျူနို
24 February 2023
ဗုံးပစ်ခံရမည်စိုး၍ သံဇကာများကာထားသည့် မြောက်ဥက္ကလာပ (င)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်ခံရ

(မဇ္ဈိမ)။  ။ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးရုံးတစ်ရုံးကို လက်ပစ်ဗုံးပစ်သွင်း၍ ဖောက်ခွဲတိုက်ခိုက် ခံရကြောင်းသိရသည်။

''ခဏ ခဏ ဗုံးပစ်တိုက်ခိုက်ခံနေရလို့ ကြောက်ပြီး တိရစ္ဆာန်ရုံလို သံဇကာတွေ ကာရံထားတဲ့ကြားကနေ တိုက်ခိုက်ခံရပြန်တာပါ။''ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီတပ်သားအချို့ရှိနေစဉ် မြောက်ဥက္ကလာ (င)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား  Yangon Underground Force (YUF) မှ လက်ပစ်ဗုံးတစ်လုံးဖြင့် ယမန်နေ့ ဖေဖော်ဝါရီလ၂၃ရက်၊ မွန်းလွဲ ၃နာရီ ၁၀မိနစ်ဝန်းကျင်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ (င)ရပ်ကွက်ရုံးသည် မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်းမကြီးပေါ်တွင်တည်ရှိပြီး မြို့ပြပြောက်ကျားအဖွဲ့များ၏ မကြာခဏ တိုက်ခိုက်ခံရမှုကြောင့် သံဆူးကြိုးအကာအရံများ၊ သဲအိတ်ဘန်ကာများချထားသည့်အပြင် ယခုတိုက်ခိုက်ခံရချိန်တွင် ရုံးရှေ့၌ ဇာပိုက်အစိမ်းများပါ ကာရံထားကြောင်း သိရသည်။

''ကျွန်တော်တို့တိုက်ခိုက်တဲ့အချိန်မျာ အဲဒီရုံးမှာ စစ်ကောင်စီတပ်သား သုံးယောက်လောက်ရှိတယ်။ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ စာရေးတွေရှိတယ်။ ကျွန်တော်တို့က ၁၀ ပေ၊ ပေ ၂၀ အကွာလောက်ကနေ လက်ပစ်ဗုံးနဲ့ပစ်တယ်။ ဒီကောင်တွေထိုင်နေတဲ့စားပွဲခုံဘေးကို ထိသွားတယ်။''ဟု YUF တာဝန်ခံ LEO က မဇ္ဈိမကို ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ပြီး အတည်မပြုနိုင်သေးကြောင်း Yangon Underground Force ( YUF )က သတင်းထုတ်ပြန်ထားသည်။

မြောက်ဥက္ကလာ (င)ရပ်ကွက် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးမှ ပြည်သူများကို ဒုက္ခပေးလျက်ရှိကြောင်း ပြည်သူများမှ တိုင်ကြားလာသည့်အတွက် ယခုကဲ့သို့ တိုက်ခိုက်ရခြင်းဖြစ်ကြောင်း YUF တာဝန်ခံ ထံက သိရသည်။

အထက်ပါ မစ်ရှင် ဖြစ်မြောက်ရေးတွက်ကူညီပေးကြသော Milk Tea Alliance Yangon အဖွဲ့သားများနှင့် အလှူရှင်များအား ကျေးဇူးအထူးတင်ရှိကြောင်း Yangon Underground Force (YUF) က မှတ်တမ်းတင် ဖော်ပြထားသည်။

''အခု တိုက်ခိုက်မှုအတွက်ဆိုရင်  နာနတ်သီး( လက်ပစ်ဗုံး)အတွက် အချိန် တစ်လလောက် အသုံးပြုလိုက်ရတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ အလှူငွေ နည်းနေတဲ့အတွက် ဒီပစ္စည်း ဝယ်နိုင်တယ်ဆိုတဲ့ အချိန်မှ မစ်ရှင်စဆွဲရတာပါ။''ဟု YUF တာဝန်ခံ LEO က ပြောသည်။

ယခုလက်ရှိတွင် အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများနှင့် အခြားစစ်ကောင်စီလက်အောက်ခံ ဒလန်များက လက်နက်ကိုင်ဆောင်နေကြပြီဖြစ်၍ တော်လှန်ရေးအင်အားစုများအတွက် အဘက်အဘက်က အခက်အခဲရှိနေကြောင်း YUF တာဝန်ခံက ဆိုသည်။

''ကျွန်တော်တို့အဘက်အဘက်က အခက်အခဲအများကြီး ရှိတယ်။ အခက်အခဲကြားထဲကပဲ ပြည်သူတွေအတွက်၊ တော်လှန်ရေးအတွက် တတ်နိုင်သလောက် မစ်ရှင်ဖြစ်မြောက်ရေးအတွက် ဖော်ဆောင်နေတယ်။ ကျွန်တော်တို့အဖွဲ့အတွက်ဆို အတို တစ်ချာင်းလောက် လိုအပ်တယ်။ အတိုမရှိတာကလည်း မစ်ရှင်တချို့ဖော်ဆောင်တဲ့နေရာမှာ အခက်အခဲကြုံရတယ်။''ဟု YUF တာဝန်ခံ LEO က ပြောသည်။

အခက်အခဲများစွာကြားမှ တော်လှန်ရေးအင်အားစုများသည် အရှိန်အဟုန်ကောင်းကောင်းဖြင့်တော်လှန်နေကြ၍ စစ်ကောင်စီတပ်ဘက်မှလည်း ရှုံးမဲမဲပြီး  ပြည်သူများကို အကြောက်တရားမျိုးစုံထည့်သွင်းနေကြောင်း  YUF တာဝန်ခံက ဆိုသည်။

သို့ဖြစ်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီ၏အကြောက်တရားများထဲ ဝေဝါးမသွားရန်နှင့် ခြောက်ခြားမသွားဘဲ  အာဏာရှင်စနစ်လျင်မြန်စွာ ပျောက်ကွယ်သွားရန် ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများ အတူတကွပူးပေါင်းတိုက်ထုတ်ရန်Yangon Underground Force (YUF) က မေတ္တာရပ်ခံထားသည်။

Yangon Underground Force (YUF) အဖွဲ့မှာ ၂၀၂၂ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့က စတင်ဖွဲ့စည်းပြီး  တိုက်ပွဲမစ်ရှင်များကို  မဟာမိတ်ပူးပေါင်းအဖွဲ့များနှင့် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

သို့သော် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလနှောင်းပိုင်းတွင် YUF  ရဲဘော်အချို့ဖမ်းဆီးခံလိုက်ရပြီး ခေတ္တရပ်နားထားကြောင်း သိရသည်။

ယင်းနောက်  ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ၌ ပြန်လည်စုဖွဲ့မှုများပြုလုပ်ပြီး ယခုကဲ့သို့ မစ်ရှင်များ ပြန်လည်ဖော်ဆောင်ခြင်းဖြစ်ကြောင်း Yangon Underground Force (YUF) အဖွဲ့ထံက သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly