ဗုံးခိုကျင်းဖြင့် ကာကွယ်ထားရသည့် အနာဂတ်များ 

By မောင်ကြီး
24 February 2023
ဗုံးခိုကျင်းဖြင့် ကာကွယ်ထားရသည့် အနာဂတ်များ 

"ကျနော့်စာသင်ကျောင်းထဲမှာ ဗုံးခိုကျင်းတူးရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး" နွေဦးဆိုသော်ငြား နှင်းတွေ ထူထူထဲထဲကျနေသော  မနက်ခင်းတခုတွင် စာသင်ခန်းရှေ့ မလှမ်းမကမ်းမှ မြေကျင်းကိုကြည့်ရင်း ကျောင်းဆရာကိုအောင်ပန်းက ပြောသည်။ 

စာသင်ကျောင်း ကော်ရစ်ဒါဘေး ကပ်လျက်မြေပြင်တွင် တူးထားသည့် မြေကျင်းကြီးက မြင်ရသည်မှာ လုံးဝ ပသာဒမဖြစ်။ ကလေးတွေ ဆော့ကစားနေကြ စာသင်ဆောင်ရှေ့တွင်  ဒီမြေကျင်းကြီး ဘာကြောင့်တူးရသလဲဟူသောမေးခွန်းကို ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ် မေးမိသည်ဟုဆိုသည်။ မေးမိတိုင်းလည်း ရင်ထဲအသဲထဲက တဆတ်ဆတ်နာရသလို အဖြေကလည်း အဆင်သင့်ရှိနေသည်ဟု ကျောင်းဆရာကဆိုသည်။ 

"ကျနော်တို့ကလေးတွေဟာ ပဋိပက္ခရဲ့အလယ်တောင်မကတဲ့ အနေအထားဖြစ်နေပြီကိုး။ ရွေးချယ်စရာမရှိတော့တာမို့ ဒီကျင်းကြီးတွေ တူးခဲ့ရတာဗျာ" 
ကျောင်းဆရာအသံက ဆို့နင့်နေသည်။ 

- စာသင်ခန်းဘေးက ဗုံးခိုကျင်း 
ကိုအောင်ပန်းက စစ်ကိုင်းတိုင်းအတွင်း မြို့နယ်တခုမှ သက်လတ်ပိုင်း ကျောင်းဆရာတဦးဖြစ်သည်။ဝေးလံခေါင်သီသော နယ်စွန်နယ်ဖျားရွာမှ ကျောင်းလေးတကျောင်းတွင် တာဝန်ကျနေသူ။ နိုင်ငံတော်အာဏာကို စစ်တပ်ကသိမ်းယူလိုက်သည့်အခါ ကိုအောင်ပန်းသည် စစ်အာဏာဖီဆန်ရေးလှုပ်ရှားမှု Civil Disobedience Movement (CDM) တွင် ပါဝင်ခဲ့သည်။  သူတာဝန်ကျသည့် မြို့နှင့်ရွာလေးကလည်း  စစ်အာဏာရှင်တော်လှန်ရေးတွင် ခြေတလှမ်းပင် နောက်မကျခဲ့။ ထိုအခါ ကိုအောင်ပန်းက CDM ကျောင်းဆရာဖြစ်လာခဲ့ပြီး သူတာဝန်ကျရာ ရွာလေးကလည်း စစ်ကျွန်ပညာရေးကို ဆန့်ကျင်တော်လှန်သော ကိုယ်ထူကိုယ်ထကျောင်းလေး ဖြစ်လာခဲ့သည်။ 

၂၀၂၂ ခုနှစ် စက်တင်ဘာလနှောင်းပိုင်းတွင် ကိုအောင်ပန်းထံသို့ ဖုန်းခေါ်ဆိုမှုတခု ရောက်လာခဲ့သည်။ "ဆရာ့ကျောင်းထဲမှာ လိုအပ်ရင် ဗုံးခိုကျင်းတူးမလား" ဟုဆိုကာ မိတ်ဆွေ CDM ‌ကျောင်းဆရာတဦးက အကြောင်းကြားလာသည့် ဖုန်းခေါ်ဆိုမှုဖြစ်သည်။ တူးမည်ဆိုပါက လိုအပ်သောငွေ‌ကြေး၏ တစိတ်တပိုင်းကို CDM ဝန်ထမ်းများ၏ အလှူ‌ငွေဖြင့် ထောက်ပံ့မည်ဟု ဆိုလာသည်။ 

ကလေးငယ်များ မြူးတူးပျော်ပါးစွာ ပညာသင်ကြားနေရမည့် စာသင်ကျောင်းဆိုသည်မှာ ဗုံးခိုကျင်းနှင့် လုံးဝမအပ်စပ်ဟု ကိုအောင်ပန်းက နားလည်ထား သည်။ သို့သော်  သူ၏တပည့်လေးများ အသက်အန္တရာယ် ကင်းဝေးစေရန်နှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရနေဖို့ကလည်း အရေးကြီးနေသည်။ ရှေ့ရက်အနည်းငယ်ကပင် ဒီပဲယင်းမြို့၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်ခဲ့သည့်ဖြစ်ရပ်က ကိုအောင်ပန်းကို ခြောက်လှန့်နေသည်။ လက်ယက်ကုန်းကျေးရွာမှ အပြစ်မဲ့ကလေးငယ်များ၏ ငို‌ကြွေးသံကို သူ့နားနှင့်ဆတ်ဆတ်မကြားရသော်ငြား ရင်နှင့်အမျှ ခံစား၍ရသည်။ ရှေ့ရေးနောက်ရေးကို အနုလုံပဋိလုံ ချင့်ချိန်တွက်ချက်ပြီးနောက် သူ့တသက်တွင် လုပ်ရလိမ့်မည်မဟုတ်ဟု အခိုင်အမာယုံကြည်ထားခဲ့သော စာသင်ကျောင်းအတွင်း ဗုံးခိုကျင်းတူးရမည့်အလုပ်ကို လုပ်ရန် ကျောင်းဆရာကိုအောင်ပန်းတယောက် ဆုံးဖြတ်လိုက်တော့သည်။ 

"စိတ်ထဲမှာတော့ ဘယ်ကောင်းပါ့မလဲဗျာ။ ကျောင်းဆိုတာက လွတ်လပ်နေရမယ်။ ကျယ်ဝန်းနေရမယ်။ လုံခြုံနေရမယ်။ ဆော့စရာ၊ ကစားစရာတွေ ရှိနေရမယ့်နေရာမျိုး။ ကျန်တဲ့ခံစားချက်တွေ နောက်ထားပြီးတော့ လုံခြုံမှုပဓာနဆိုတဲ့စိတ်နဲ့လုပ်ရတာပဲ" 
ကလေးငယ်များရှေ့တွင် ဗုံးခိုကျင်းတူးရသည့်အပေါ်  စိတ်မသက်မသာဖြစ်‌နေသည့် ဆရာ၏သွင်ပြင်က နွေဦးမှာ ကြွေကျလုလု သစ်ရွက်လို ညှိုးလျော်နေသည်။ 

ဗုံးခိုကျင်းတူးဖို့ ခက်ခက်ခဲခဲဆုံးဖြတ်လိုက်ရသလို လက်တွေ့တူးသောအခါတွင်လည်း အနည်းငယ်မျှတောင်မလွယ်ကူခဲ့ဟုဆိုသည်။ မူလတန်းအရွယ် လူမမယ်တပည့်လေးများ ကြောက်စိတ်ပိုမှာလည်း စိုးရိမ်ရသည်။ အရွယ်ရောက်ပြီး ကျောင်းသားတပည့်များ အတွေးလွန်မှာကိုလည်း ဖြေသိမ့်ပေးရသည်။ ကျောင်းသားမိဘများ၏ စိုးရိမ်သောကကိုလည်း တတ်နိုင်သရွေ့ ဖြေဖျောက်ပေးရပြန်သည်။ 

ဗုံးခိုကျင်းနေရာအတွက် ကျောင်း၏ ဘယ်နေရာကို ရွေးချယ်ရမလဲဆိုသည်ကိုလည်း ခက်ခက်ခဲခဲ စဉ်းစားဆုံးဖြတ်ရသည်။ ပန်းခြံလေးလည်းမပျက်ချင်။ ကျောင်းသားများ မက်မက်မောမောရှိလှသည့် ဘောလုံးကွင်းကိုလည်း အပျက်စီးမခံနိုင်။ နောက်ဆုံးမှာတော့ စာသင်ဆောင်ရှေ့မှ သစ်ပင်ကြီးအောက်တွင် တူးရန် ဆုံးဖြတ်လိုက်သည်။ ထိုနေရာက လေ‌ကြောင်းသတိပေးချက် ရသည်နှင့်တပြိုင်နက် အနီးဆုံး ပြေးပုန်း၍ရသည့် နေရာလည်းဖြစ်သည်ဟု ကျောင်းဆရာကိုအောင်ဆန်း တွက်ချက်ထားသည်။ 

"ကျောင်းနဲ့ ဗုံးခိုကျင်းနဲ့က သင့်တော်မျှတတဲ့ အစပ်အဟပ်မဟုတ်ပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် လုံခြုံဖို့တော့ လုပ်ကြရမှာပဲဆိုတော့"  
ကျောင်းဆရာ ကိုအောင်ပန်းတယောက် ပြောလက်စစကား ရပ်သွားသည်။ကျောင်းပရဝုဏ်အတွင်း ကလေးကစားကွင်း တည်ဆောက်ရမည့်အစား ဗုံးခိုကျင်းတူးလိုက်ရသည့် ခံစားချက်က CDM ကျောင်းဆရာတယောက်အတွက် နာကျင်ခံခက် ဖြစ်‌နေပုံပေါ်သည်။ 

နောက်ဆုံးတော့ ကျောင်းဆရာ ကိုအောင်ပန်း၏ ကိုယ်ထူကိုယ်ထစာသင်ကျောင်းဝင်းအတွင်းတွင် အလျား ဆယ်ပေ၊ အနက်လေးပေ၊ အကျယ်က သုံးပေအတိအကျရှိသော ဗုံးခိုကျင်းတခု ပေါ်လာတော့သည်။ 

ဗုံးခိုကျင်းတူးရန်အတွက် ကျောင်းသားမိဘ အညာသားကြီးများက တောင်ယာတက်ပြီး မျှောတိုင်များ ခုတ်လာကြသည်။ ပေါက်တူး၊ ပေါက်ချွန်းများအသုံးပြုပြီး မြေကျင်းတူးကြသည်။ မြေကျင်းနှုတ်ခမ်းပေါ်တွင် အိမ်တိုင်လုံးခန့်ရှိသော မျှောတိုင်များကို စိနေအောင် ကန့်လန့်ဖြတ်တင်လိုက်သည်။ မျှောတိုင်များ ရွေ့မည်စိုး၍ ဆိုင်ကယ်ချိန်းကြိုးအဟောင်းများကို သံဖြင့်ကပ်ရိုက်ပြီး ထိန်းသည်။ မျှောတိုင်များပေါ်တွင် သွပ်ပြားဟောင်းများ တင်သည်။ ထိုအပေါ်တွင် မြေဖို့သည်။

ဖို့‌မြေပေါ်တွင်သဲအိပ်များ အထပ်လိုက် တန်းစီတင်လိုက်သည်။ ဒီလောက်ဆိုလျှင် အတော်အတန်လုံခြုံသော  ဗုံးခိုကျင်းတကျင်း ဖြစ်ပြီ။ မြေကျင်းထဲသို့ ပြေးဆင်းရန် လှေကားထစ် ပြေပြစ်ခြင်းရှိမရှိ အသေအချာကြည့်ပြီး သူကိုယ်တိုင်လည်း ပြေးဆင်းကြည့်သည်။ အရေးကြုံ၍ တပည့်များ ပြေးဆင်းချိန် ဝရုန်းသုန်းကား လဲကျမှာစိုးသည်ဟု သူဆိုသည်။ 

"တူးပြီးတဲ့အခါ ငါတို့မှာ အရေးအကြောင်းဆိုရင် ပြေးပုန်းလို့ရတဲ့ နေရာလေးတခုရှိတယ်လို့ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုလေးရတယ်။ ရာနှုန်းပြည့် ကာကွယ်နိုင်တယ်လို့တော့ မယုံကြည်ဘူးလေ။ တော်ရုံကျည်ဆန်လောက်ကတော့ ကာနိုင်ပါတယ်။ ပေါင် ၅၀၀၊ ၆၀၀  ဗုံးတွေလာချရင်တော့ မခံနိုင်ဘူးပေါ့ဗျာ" 
ကျောင်းဆရာ ကိုအောင်ပန်းဦးဆောင်ပြီး တူးလိုက်သော ဗုံးခိုကျင်းအတွက် ထောက်ပံ့‌ငွေ ကျပ်တသိန်းခွဲ ရရှိသည်။ ဒီအတွက် အလှူရှင်ကို ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိသည်ဟု ဆိုလာသည်။ 

-ဗုံးခိုကျင်းအလှူရှင်များ 
စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းပြီးနောက်ပိုင်းမြန်မာ့လူ့အသိုက်အဝန်းတွင် ယခင်က ပြောနေကြမဟုတ်သည့် စကားတခွန်း လူပြောများလာခဲ့သည်။ 
"လမ်းချင်းတူရင် လူချင်းဆုံမယ်" 
စစ်အာဏာရှင်ကို နည်းပေါင်းစုံမှ ရသလို တော်လှန်နေကြသူများကြား ပေါင်းသင်းဆံရေးအတိမ်အနက်ကို ဖော်ညွှန်းသောစကားလည်းဖြစ်သည်။ ကိုအောင်ပန်းက စစ်ကျွန်ပညာရေး အဆိပ်အတောက်ကို တပည့်များအား မတိုက်ကျွေးလို၍ CDM လုပ်ခဲ့သည့် ကျောင်းဆရာ။ ဗုံးခိုကျင်းအတွက် ကနဦးအလှူရှင်တွေကလည်း စစ်အာဏာရှင်အုပ်ချုပ်မှုကို ဆန့်ကျင်ပြီး CDM လုပ်ခဲ့သော နိုင်ငံ့ဝန်ထမ်းအချို့ဖြစ်နေသည်။ သူတို့ လမ်းချင်းတူသည့်အခါ လူချင်းဆုံကြသည်။ 

မသဉ္ဇာတို့ သူငယ်ချင်းတသိုက်က ဗုံးခိုကျင်းများအတွက် ကနဦးအလှူရှင်များဖြစ်သည်။ မသဉ္ဇာသည် ဌာနဆိုင်ရာတခုမှ အရာရှိတဦးဖြစ်သည်။ စစ်ကောင်စီကို အာဏာဖီဆန်ကာ CDM ပြုလုပ်ပြီးနောက် ဝန်ထမ်းအသိုင်းအဝိုင်းမှ စိတ်တူကိုယ်တူသူငယ်ချင်းများ၊ မိတ်ဆွေများကို စုစည်းခဲ့သည်။ တော်လှန်ရေးအားကောင်းသည့်ဒေသများတွင် စစ်ကောင်စီ၏ ရန်လိုမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် လူမှုဘဝများစွာကို သူတို့တတ်စွမ်းနိုင်သ၍ အကူ အညီပေးနေခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့မှာတော့ သူတို့၏ ကူညီကယ်ဆယ်ရေးအစီအစဉ်များ ရုတ်ချည်း အပြောင်းအလဲဖြစ်သွားသည်။

ဘာကြောင့်လဲဆိုသည့် အမေးကို မသဉ္ဇာက ... "လက်ယက်ကုန်း‌ စာသင်ကျောင်း‌လေ။ စက်တင်ဘာလ ၁၆ ရက်။ Date တောင် အလွတ်ရနေပြီ" ဟု မဆိုင်းမတွ ဖြေလာသည်။ "နာလွန်းလို့ပါ မေမေရာ သားကိုသတ်လိုက်ပါဆိုတာကို တချိန်လုံး ပြန်ကြားနေရတယ်။ တပတ်နှစ်ပတ်လောက်က အဲ့အသံတွေပဲကြားနေတယ်" ပြောနေရင်းကပင် မသဉ္ဇာအသံက တိုးလျတိမ်ဝင်သွားသည်။ 

ထိုနေ့က ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာမှ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွင် ကလေးငယ် ၂၀၀ ကျော်စာသင်‌နေခဲ့ကြသည်။ ထို‌ကျောင်းတည့်တည့်ကိုပင် စစ်ကောင်စီ တိုက်လေယာဉ်များက ဗုံးကြဲချပြီး ကျည်မိုးရွာပစ်ခဲ့သည်။ ကလေးငယ် ခုနစ်ဦးအပါအဝင် ၁၃ ဦး သေဆုံးခဲ့သည်။ "နာလွန်းလို့ပါ မေမေရာ သားကိုသတ်လိုက်ပါ" ဆိုသည်က စစ်ကောင်စီလေကြောင်းမှပစ်ခတ်၍ ဒဏ်ရာအပြင်းအထန်ရခဲ့သော ကလေးငယ်တဦးက မသေဆုံးခင် သူ့မိခင်ကို ငိုပြောခဲ့ခြင်းဖြစ်သည်။ 

လက်ယက်ကုန်းစာသင်ကျောင်းလို ဖြစ်ရပ်ဆိုးမျိုး နောက်ထပ်မကြုံအောင် တတ်နိုင်သမျှ တားဆီးမည်ဟု  မသဉ္ဇာတို့ CDM ၀န်ထမ်းတစု ထိုညမှာပင် ဆုံးဖြတ်ချက်ချလိုက်သည်။ စစ်ကျွန်ပညာရေးသပိတ်မှောက်ပြီး ကိုယ်ထူကိုယ်ထဖွင့်ထားသည့် စာသင်ကျောင်းများတွင် ဗုံးခိုကျင်းများတူးနိုင်အောင် သူတို့ကြိုးစားကြမည်။ ထို့အတွက် သူတို့ပိုင်ဆိုင်သော လက်ဝတ်လက်စားအချို့နှင့် သူတို့အမြတ်တနိုးသိမ်းဆည်းထားသော အသုံးအဆောင်ပစ္စည်းများ၊ ကိုယ်တိုင်ပြုလုပ်ထားသော လက်မှုပစ္စည်းများကို မဲဖောက်ရောင်းချပြီး ရန်ပုံငွေရှာဖွေခဲ့ကြသည်။ ဗုံးခိုကျင်းအတွက်လှူရန် ခေါင်းစဉ်ဖြင့် အလှူ‌ငွေ လက်ခံခဲ့ကြသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့နှင့်လည်း ချိတ်ဆက်ခဲ့သည်။ လေကြောင်းရန်ကာကွယ်ရေး အရေးပေါ်အစီအမံများ သင်တန်ပေးနိုင်ရေး ကြိုးစားခဲ့ကြသည်။ အခက်အခဲများကြားမှ ငါးလခန့်အတွင်း ဗုံးခိုကျင်း ၈၀၀ နီးပါးအထိ တူးနိုင်ခဲ့သည်ဟုဆိုသည်။ ဗုံးခိုကျင်းတကျင်းသည် ကျပ်တသိန်းခွဲဝန်းကျင် ကုန်ကျနိုင်သည်ဆို၍ ယင်းပမာဏအတိုင်း ထောက်ပံ့ခဲ့ကြသည်။ 

"ဒီလိုမျိုးမကောင်းဆိုးဝါးတွေနဲ့ ရင်ဆိုင်နေရချိန် သူတို့က ဘာမဆိုလုပ်လာမှာကို တွေးမိလို့ ကလေးတွေအတွက် မဖြစ်မနေလုပ်လိုက်ကြတာ။ ကျမတို့ဟာ ဘဝရဲ့စာမျက်နှာတခုကို ဖွင့်လိုက်ရတာ" စာသင်ကျောင်းအတွင်း ဗုံးခိုကျင်းတူးနေရသည့် ကသောင်းကနင်းခေတ်ကာလကို ကျောင်းဆရာကိုအောင်ပန်းနည်းတူ မသဉ္ဇာလည်း စိတ်ပျက်လက်ပျက်ဖြစ်နေပုံရပြီး ရှေ့ရေးကို တွေးပူဟန် စကားဆိုရှာသည်။ 

-မြေဖြူကိုင်သောလက်များက ဗုံးခိုကျင်းတူးရသောအခါ 
ကျောင်းဆရာ ကိုအောင်ပန်းတို့ တူးခဲ့သော ဗုံးခိုကျင်းက ဗုံးခိုကျင်းပီပီသသဖြစ်ခဲ့သော်လည်း စစ်ကောင်စီရန် ကြောင့် ပြေးရင်းလွှားရင်းစာသင်နေရသော မျက်မှောက်ခေတ်တွင် အလွဲလွဲအချော်ချော်ဖြစ်ခဲ့သော ဗုံးခိုကျင်းများလည်း ရှိခဲ့သည်။ တိုက်ပွဲများမကြာခဏဖြစ်နေခဲ့သော မြို့နယ်တခုမှ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတကျောင်း၏ ဗုံးခိုကျင်းကတော့ တူးပြီးမှ ပြန်ဖြိုချခဲ့ရသည်ဟု အဆိုပါမြို့နယ်မှ CDM ကျောင်းဆရာတဦးကပြန်ပြောသည်။ 

"အိမ်ကို ကျောင်းလုပ်ပြီး ကိုယ်ယောင်ဖျောက်စာသင်ရတဲ့ မြို့လေးမှာပေါ့။ ဗုံးခိုကျင်းဆိုပြီး အိမ်နံရံကိုကပ်ပြီး တိုင်တွေထောင်တယ်။ သဲအိပ်တွေကာတယ်။ စစ်သားတွေ မမြင်အောင်ဆိုပြီး တာလပတ်နဲ့ ထပ်ကာတယ်။ သူတို့လုပ်တတ်သလို လုပ်ထားကြတာလေ။ အပစ်ခံရရင် အကုန်ထိမှာမို့ ပြန်ဖျက်ပြီး မြေကြီးမှာ ပြန်တူးခိုင်းခဲ့ရတယ်ဗျာ" ဟုဆိုသည်။ 

အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့် ဒေသများဆိုလျှင် ဗုံးခိုကျင်းတူးနေချိန် ဖုန်းဆက်၍
ဘယ်လိုဘယ်ပုံ တူးရမည်ဆိုသည်ကို ရှင်းပြရသည့် အခက်အခဲများလည်းရှိခဲ့သည်။ ဗုံးခိုကျင်းလိုအပ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မတူးနိုင်သေးသော ကျောင်းများလည်း တော်လှန်ဒေသများတွင် ရှိနေသည်။ 

စစ်ကိုင်းတိုင်းအတွင်း ကိုယ်ထူကိုယ်ထကျောင်းတခုမှ ကျောင်းဆရာမ ဒေါ်ငယ်က သူ၏စာသင်ခန်းအတွင်းအခြေအနေတစွန်းတစကို ရင်ဖွင့်လာသည်။ 

"တခါတလေ စာသင်ရင်း လေယာဉ်သံကြားရင် ဘယ်ကိုပြေးရမလဲဆိုတာ စဉ်းစားလို့တောင်မတတ်ဘူး။ ကလေးတွေကမေးတယ်။ ဆရာမ အဲဒီလိုလာပစ်ရင် သားတို့ဘယ်လိုလုပ်ရမလဲ။ သားတို့သေရမှာလား။ သူတို့က ရွာကိုလာပစ်မှာလားလို့ မေးရှာကြတယ်ရှင်" 
ထိုကဲ့သို့မေးလာတိုင်း ဆရာမဒေါ်ငယ်‌က ... "တီချယ်တို့ အိမ်ကိုပြန်ဖို့စီစဉ်မရှိဘူး။ တော်လှန်ရေးပြီးမှပြန်မှာ။ ဒါကြောင့် သားတို့သမီးတို့နဲ့ သေအတူရှင်မကွာရှ်ိနေမှာ" ဟု အားမာန်ပါပါ‌ ဖြေခဲ့သည်ချည်းသာ။ ထိုသို့ဖြင့် သတ္တိခဲဆရာမနှင့်တပည့်များ၏ စာသင်ခန်းထဲက စာအံသံများက အညာရွာလေးထဲတွင် ညံစည်နေခဲ့သည်။ လေယာဉ်သံကြားရင်တော့ အလိုလို တိတ်ဆိတ်သွားတတ်ကြသည်။ 

ဆရာမဒေါ်ငယ်က အသက် ၁၂ နှစ်အရွယ်သူ့သားလေးနှင့်အတူ မွေးရပ်ဇာတိကိုစွန့်ခွာခဲ့ကာ စစ်ကျွန်ပညာရေးကို ဆန့်ကျင်နေသည့် ကျေးရွာလေးတရွာသို့ အရောက်လာပြီး စာသင်ပေးနေသူဖြစ်သည်။

 
ဆရာမဒေါ်ငယ်၏ စာသင်ကျောင်းထဲတွင် ဗုံးခိုကျင်းမတူးရသေးသော်လည်း မသဉ္ဇာတို့ CDM ၀န်ထမ်းတစု အစပြုအကောင်အထည်ဖော်ခဲ့သော ဗုံးခိုကျင်းများသည် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် ကျင်းပေါင်း ၈၀၀ အထိ ရှိပြီဖြစ်သည်။ ထိုအတွက် ရန်ပုံငွေ ဆက်လက်ရှာဖွေသွားမည်ဖြစ်ပြီး လိုအပ်သောဒေသများကို ပံ့ပိုးနိုင်ရေး ကြိုးစားသွားမည်ဟု မသဉ္ဇာကဆိုသည်။  စစ်ကျွန်ပညာရေးကို ဆန့်ကျင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုအောက်တွင် ဖွင့်ထားသည့်စာသင်ကျောင်းပေါင်း ၄,၀၀၀ ကျော်ရှိနေရာ ဗုံးခိုကျင်းလိုအပ်ချက်က ကြီးမားနေဆဲဖြစ်သည်။ 

စစ်တပ်က နိုင်ငံတော်အာဏာကို အနုကြမ်းစီးဓားပြတိုက်သိမ်းယူခဲ့သည်က နှစ်နှစ်ကျော်လာခဲ့ပြီ။ လူထုတော်လှန်တိုက်ပွဲကာလကလည်း သုံးကြိမ်မြောက်နွေဉီးဆီ ရောက်လာခဲ့ပြီ။ အဘက်ဘက်မှကျရှုံးနေသည့် အာဏာသိမ်းစစ်ကောင်စီ၏ ရန်လိုမှုများက တစထက်တစ ပို၍ အတင့်ရဲလာသည်။သူတို့၏ နောက်ဆုံးကျည်ဆံ ဖြစ်သော တိုက်လေယာဉ်များကို ထုတ်သုံးလာပြီး  လေကြောင်းတိုက်ခိုက်မှုများ ပိုလုပ်လာနေသည်။ 

စစ်တပ်၏ လေယာဉ်ဖြင့်ဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကလေးများသည် ဗုံးခိုကျင်းထဲတွင် စာသင်နေရပြီး စာသင်ကျောင်းများနှင့် ကလေးငယ်များသည်  ပစ်မှတ်မဖြစ်ရန်လိုကြောင်း ဖေဖော်ဝါရီလ ပထမပတ်ထဲတွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂ ကလေးသူငယ်များရန်ပုံငွေအဖွဲ့ (UNICEF) အစည်းအဝေးတွင်သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြခဲ့သည်။ သို့သော် ဖေဖော်ဝါရီလ ဒုတိယပတ်ထဲအရောက်တွင် ကရင်ပြည်နယ် KNU တပ်မဟာ (၆ )နယ်မြေထဲမှ စာသင်ကျောင်းအချို့ကို လေကြောင်းမှပစ်ခတ်ချေမွလိုက်ပြန်သည်။ 

မြန်မာ့အရေးကို ကမ္ဘာ့အင်အားကြီးနိုင်ငံများက အပြည့်အဝ အာရုံမစိုက်‌သေးသည့် ယနေ့အခြေအနေတွင် လူထု တော်လှန်ရေးခရောင်းလမ်းသည် မည်မျှအထိ ရှည်လျားအုံးမည်ကို မှန်းဆ၍ မရသေးပေ။ ထို့အတူ ဗုံးခိုကျင်းများက ကလေးငယ်များ၏ အသက်အန္တရာယ်ကို အပြည့်အဝ ကာကွယ်နိုင်မည်ဟု ကျောင်းဆရာ ကိုအောင်ပန်း၊ ဆရာမ ဒေါ်ငယ်နှင့် မသဉ္ဇာတို့က မယုံကြည်ရဲကြပါ။ သို့သော် စစ်ကျွန်ပညာရေးကို ခြေချခွင့်မပြုသည့် တော်လှန်ဒေသများမှ စာသင်ကျောင်းလေးများသည်  တိုက်လေယာဉ်သံကြားလျှင် သို့မဟုတ် လေကြောင်းမှလာ‌ရောက် တိုက်ခိုက်ခဲ့လျှင် ဗုံးခိုကျင်းရှိပါက ဗုံးခိုကျင်းထဲ ပြေးသူကပြေးပြီး ကျင်းမရှိပါကလည်း ဘေးလွတ်မည်ထင်ရာသို့ ပြေးပုန်းနေကြရဦးမည်ဖြစ်သည်။ 

တိုင်းပြည်၏ အနာဂတ် ရတနာများကို ဗုံးခိုကျင်းများဖြင့် အကာအကွယ်ပေးဖို့ ကြိုးစားနေကြရသည်မှာကား ရင်နင့်ဖွယ်ရာပင် ... 
စာဖတ်သူ ဒီဆောင်းပါးကို ဖတ်နေချိန်မှာပင် ရန်လိုနေသော စစ်ကောင်စီ တိုက်လေယာဉ်အချို့  မောင်းတင်ပျံသန်းသွားသံကို ကြားကောင်းကြားရနိုင်ပါသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly