ကျွမ်းကျင်ပညာရှင်များကို ဟောင်ကောင်သို့ ဆွဲဆောင်မည့် ဗီဇာအစီအစဉ်ကို တရုတ် စတင် 

By RFA
24 February 2023
ကျွမ်းကျင်ပညာရှင်များကို ဟောင်ကောင်သို့ ဆွဲဆောင်မည့် ဗီဇာအစီအစဉ်ကို တရုတ် စတင် 

အာဏာရတရုတ်ကွန်မြူနစ်ပါတီက ၂၀၁၉ ခုနှစ်ဆန္ဒပြပွဲများအပြီး သဘောထားကွဲလွဲသူများကို ဖြိုခွင်းပြီးနောက်ပိုင်း နိုင်ငံသားများ အစုလိုက်အပြုံလိုက် ထွက်ခွာသွားကြသဖြင့် ဟောင်ကောင်တွင် နေထိုင်အလုပ်လုပ်ကိုင်ရန် အရည်အချင်းပြည့်မီသူများကို ဆွဲဆောင်သည့် ဗီဇာအစီအစဉ်သစ်ကို တရုတ်အစိုးရက စတင်လိုက်သည်။ 

အကြီးတန်းသိပ္ပံပညာရှင်များ၊ ကျန်းမာရေးစောင့်ရှောက်မှုပညာရှင်များနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စေ့စပ်ညှိနှိုင်းသူများကို  ဟောင်ကောင်နှင့် မကာအိုသို့  လွတ်လပ်စွာ ဝင်ထွက်ခွင့်ပြုမည့် ဖေဖော်ဝါရီ ၂၀ ရက်မှစတင်သော ရှေ့ပြေးစီမံချက်တစ်ရပ်ကို တရုတ်လူဝင်မှုကြီးကြပ်ရေးက စတင်တော့မည်ဖြစ်သော်လည်း လေ့လာဆန်းစစ်သူများက ယင်းအစီအစဉ်သည် လက်ရှိနေထိုင်နေသော ဟောင်ကောင်သားများအတွက် လူမှုစီးပွားအခြေအနေများကို အနှောင့်အယှက်ဖြစ်စေနိုင်သည်ဟု ဆိုသည်။

ဟောင်ကောင်တွင် မကြာသေးမီနှစ်များအတွင်း ကျွမ်းကျင်ပညာရှင်များ အစုလိုက်ထွက်ခွာနေမှုကို ထိန်းညှိရန် အာဏာရပါတီက ကျောထောက်နောက်ခံပြုထားသော မီဒီယာများက တောင်းဆိုခဲ့ပြီးနောက် ပြည်ပမှ ကျွမ်းကျင်ပညာရှင်များကို ဆွဲဆောင်သည့်အစီအစဉ်ပေါက်ပေါက်လာခြင်းဖြစ်ပြီး  ယင်းက ဒေသတွင်းမှ ပညာရှင်များဆုံးရှုံးမှုဆိုင်ရာ စိုးရိမ်စရာများ ဖြစ်ပေါ်လာနိုင်ကာ ကုမ္ပဏီကြီးများ၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတို့အပေါ် သက်ရောက်နိုင်သည်။

ယင်းအစီအစဉ်အတွက် အောင်မြင်သူများကို ဟောင်ကောင်နှင့် မကာအိုသို့ လွတ်လပ်စွာ ဝင်ထွက်နိုင်သည့် ဗီဇာ ပေးမည်ဖြစ်ကြောင်း တရုတ်လူဝင်မှုကြီးကြပ်ရေးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဖေဖော်ဝါရီ ၉ ရက်က ထုတ်ပြန်ခဲ့သည်။

ဟောင်ကောင်ကို ၁၉၉၇ ခုနှစ်က တရုတ်သို့ လွှဲပြောင်းပြီးနောက်ပိုင်း နယ်စပ်အရေးများကို ရဲတပ်ဖွဲ့က တာဝန် ယူမည်ဖြစ်ကြောင်း ကတိပြုထားသော်လည်း ထုတ်ပြန်ချက်အရ ယခုအစီအစဉ်ကို တရုတ်လူဝင်မှုကြီးကြပ်ရေးအရာရှိများက အပြည့်အဝ စီမံဆောင်ရွက်မည်ဖြစ်သည်။ 

ဗီဇာအသစ်ကိစ္စများကို တရုတ်က တစ်ဖက်သတ်ကြေညာခဲ့ပြီး ယင်းကိစ္စကို ဟောင်ကောင်က ပြောဆိုပိုင်ခွင့်မရှိကြောင်း မျက်မှောက်ရေးရာဝေဖန်သုံးသပ်သူ ဆန်းဖူက ပြောကြားခဲ့သည်။ 
"ဟောင်ကောင်ပြည်သူတွေက ငြင်းပိုင်၊ပြောပိုင်၊အတည်ပြုပိုင်ခွင့်မရှိတော့ပါဘူး" ဟု ဆန်က ဆိုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly