တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလတွင် စက်မှုလုပ်ငန်းရှင်များ ညအချိန် လျှပ်စစ်ဓာတ်အားအသုံးမပြုရန် စစ်ကောင်စီ အသိပေး

By ဝေဟင်စိုး
23 February 2023
တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလတွင် စက်မှုလုပ်ငန်းရှင်များ ညအချိန် လျှပ်စစ်ဓာတ်အားအသုံးမပြုရန် စစ်ကောင်စီ အသိပေး

မဇ္ဈိမ။ ။စစ်ကောင်စီပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလအတွင်း စီးပွားရေးနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအနေဖြင့် ညအချိန် လျှပ်စစ်ဓာတ်အားအသုံးပြု၍ လုပ်ငန်းများမပြုလုပ်ရန် ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)က အသိပေးကြေညာထားသည်။

ရန်ကုန်တိုင်းအတွင်းရှိ စီးပွားရေးနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအား လျှပ်စစ်ဓာတ်အားသုံးစွဲခွင့် ကန့်သတ်ရာတွင် စာမေးပွဲကာလ မတ်လ ၁ ရက်မှ ၂၀ ရက်နေ့အထိ ညနေ ၅ နာရီ မှ ည ၁၀ နာရီ အချိန် အထိ အသုံးမပြုရန် အသိပေးထားခြင်းဖြစ်သည်။

အဆိုပါအသိပေးချက်အား လိုက်နာခြင်းမရှိဘဲ ကန့်သတ်ချိန်အတွင်း လုပ်ငန်းအားလျှပ်စစ်ဓာတ်အား အသုံးပြုဆောင်ရွက်နေကြောင်း စစ်ဆေးတွေ့ရှိပါက အုပ်ချုပ်မှုနည်းလမ်းအရ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း အသိပေးချက်တွင် ဖော်ပြထားသည်။

“သူ့ထုတ်ပြန်ချက်မှာ စီးပွားရေးလုပ်ငန်းနဲ့ စက်မှုလက်မှုလုပ်ငန်းတွေလို့ပါတယ်။ ဘယ်လိုလုပ်ငန်းတွေ လည်းဆိုတာ အတိအကျဖော်ပြလေဗျာ။ ပြောကျကြေးဆို စက်မှုလက်မှုလုပ်ငန်းတွေကို‌ ခေါင်းစဉ် မတတ် နဲ့။ မြို့နယ်တိုင်းမှာ KTV တွေ စင်တင်တွေ အခြားဖျော်ဖြေရေးတွေမှာသုံးလို့ စွဲထားတဲ့ဓာတ်အားတွေဆို တာ မနည်းမနောဘဲ။ ခြုံငုံမပြောစေချင်ဘူး။ ဘယ်လိုလုပ်ငန်းတွေဆိုတာ တိတိကျကျပြောသင့်တယ်။ ကျွန်တော်တို့ကို လက်ညိုးထိုးလာရင် ကျွန်တော်တို့ကလည်း ပြန်လက်ညိုးထိုးပြတတ်တယ်” ဟု ရန်ကုန် မြို့နေ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

YESC ၏ ကြေညာချက်တွင် တက္ကသိုလ်ဝင်စာမေးပွဲကာလတွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ ညပိုင်းစာကြည့်ချိန်အတွင်း ဓာတ်အားထုတ်လုပ်နိုင်မှုနှင့် သုံးစွဲမှုမမျှတပါက ဓာတ်အား ပြတ်တောက်မှုများဖြစ်ပေါ်လာနိုင်သည်ဟုလည်း အသိပေးထားသည်။

စစ်ကောင်စီကပြုလုပ်မည့် ၂၀၂၂-၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ်လ ၈ ရက် နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

လက်ရှိအချိန်တွင် ရန်ကုန်တိုင်းအပါအဝင် တနိုင်ငံလုံး၌ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူး လျက်ရှိသော်လည်း ဓာတ်အားရရှိချိန်နှင့်ပြတ်တောက်ချိန် မှန်ကန်မှုမရှိခြင်းကြောင့် ပြည်သူများ၏ နေ့စဉ်လူနေမှုဘဝအပေါ်များစွာ အခက်အခဲဖြစ်နေရကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required