မဇ္စျိမ။ ။ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ် ၊ နိဗ္ဗာန်တိုက်နယ်တွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ ည ၉ နာရီ ၃၀ မိနစ်ခန့်အချိန်က ညကင်းပတ်နေသည့် စစ်ကောင်စီလက်အောက်ခံရဲများ ဗုံးခွဲတိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် နှစ်ဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။
ဆိုင်ကယ် သုံးစီးဖြင့် ကင်းလှည့်လာသည့် နိဗ္ဗာန်နယ်မြေရဲစခန်းမှ ရဲများအား နိဗ္ဗာန်တိုက်နယ်နှင့် အလယ်စုကျေးရွာကြား အရောက်တွင် နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖောက်ခွဲမှုကိုပြုလုပ်ခဲ့သည့် ဟင်္သာတမြို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့(HLPDF)တာဝန်ရှိသူတစ်ဦးက ပြောသည်။
"ရဲခွေး(ရဲတပ်ဖွဲ့ဝင်) ငါးယောက် ဆိုင်ကယ်နဲ့ ညကင်းလှည့်လာတဲ့အချိန်မှာ ဖောက်ခွဲခဲ့တာပါ။ ရဲနှစ်ယောက် ဗုံးထိသွားလို့ ဆေးရုံကို ချက်ချင်းခေါ်သွားကြတယ်။ ပြင်းပြင်းထန် ထန်ထိသွားတယ်ဆိုပေမဲ့ သေဆုံးမှု ရှိမရှိကိုတော့ အတည်ပြုလို့ မရသေးပါဘူး"ဟု ဆိုသည်။
ဗုံးခွဲတိုက်ခိုက်မှုအပြီးတွင် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီး လုံခြုံရာသို့ပြန်လည်ရောက်ရှိပြီဖြစ်သည်ဟု (HLPDF)တာဝန်ရှိသူက ပြောသည်။
ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သည့် ယမန်နေ့ ညပိုင်းမှစတင်ကာ လက်ရှိအချိန်အထိ ဟင်္သာတမြို့အဝင်အထွက် ဂိတ်များတွင် စစ်ကောင်စီတပ်နှင့် ရဲများက လုံခြုံရေးတင်းကျပ်ထားသည်ဟု ဒေသခံများက ပြောသည်။
စာတည်း - သန့်ဇော်(သန်လျင်)