အာဏာသိမ်းပြီးနောက် ၂ နှစ်အတွင်း မြန်မာတွင် မြေမြှုပ်မိုင်းကြောင့် သေဆုံး၊ ဒဏ်ရာရမှုများ မြင့်တက်လာဟု ကုလ ပြော

အာဏာသိမ်းပြီးနောက် ၂ နှစ်အတွင်း မြန်မာတွင် မြေမြှုပ်မိုင်းကြောင့် သေဆုံး၊ ဒဏ်ရာရမှုများ မြင့်တက်လာဟု ကုလ ပြော

မြန်မာနိုင်ငံတွင် ယမန်နှစ်က မြေမြှုပ်မိုင်းနှင့် စစ်ကျန် ခဲယမ်းမီးကျောက်များ ပေါက်ကွဲမှုကြောင့် တစ်နေ့လျှင် လူတစ်ဦးနှုန်းခန့် သေဆုံး သို့မဟုတ် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကုလသမဂ္ဂက ပြောပြီး သေဆုံး၊ ထိခိုက်မှုများသည် ၂၀၂၁ ခုနှစ်ကနှင့် နှိုင်းယှဉ်ပါက ၄၀ ရာခိုင်နှုန်း ပိုများခဲ့သည်ဟု ထောက်ပြသည်။

၂၀၂၁ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရကို စစ်တပ်က ဖြုတ်ချပြီး အာဏာသိမ်းခဲ့ခြင်းကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲများ တစ်ဖန်ပြန်လည်ပေါ်ပေါက်ခဲ့သလို နိုင်ငံတွင် ယခင် ဆယ်စုနှစ်များအတွင်း မထိမခိုက်ဘဲ ရှိနေခဲ့သော ဧရိယာများတွင် အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တော်လှန်သည့် “ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ” ထူထောင်ဖွဲ့စည်းမှုများကိုလည်း ဖြစ်ပေါ်စေခဲ့သည်။

လူသတ်မိုင်းများကို အသုံးပြုခြင်း၊ သိုမှီးခြင်း သို့မဟုတ် ထုတ်လုပ်ခြင်းအပေါ် ပိတ်ပင်တားမြစ်သည့် ကုလသမဂ္ဂ သဘောတူညီချက်တွင် မြန်မာသည် ပါဝင်လက်မှတ်ထိုးထားခြင်း မရှိပေ။

၂၀၂၂ ခုနှစ်အတွင်း မြေမြှုပ်မိုင်းများ သို့မဟုတ် စစ်ကျန်ခဲယမ်းမီးကျောက်များ ပေါက်ကွဲမှုကြောင့် လူ ၃၉၀ ဦး သေဆုံး သို့မဟုတ် ဒဏ်ရာရခဲ့ကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) က ဖေဖေါ်ဝါရီ ၂၁ ရက်တွင် ပြောကြားခဲ့ပြီး ယင်းသည် ယခင် အစောပိုင်းနှစ်နှင့် ယှဉ်ပါက ၄၀ ရာခိုင်နှုန်းနီးပါး ပိုများလာခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဖြစ်စဉ်များ၏ သုံးပုံ နှစ်ပုံခန့်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်တပ်တို့အကြား တိုက်ပွဲများဖြစ်ထားခဲ့သည့် ဧရိယာများနှင့် သစ်၊ ကျောက်စိမ်းနှင့် မူးယစ်ဆေးဝါး ကုန်သွယ်မှုကဲ့သို့ ရင်းမြစ်များကို ထိန်းချုပ်ခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့်ပတ်သက်ပြီး ဆယ်စုနှစ်များကြာ အချင်းချင်း တိုက်ခိုက်ထားခဲ့သည့် ဧရိယာများတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သေဆုံး၊ ဒဏ်ရာရမှုများ၏ ငါးပုံ တစ်ပုံနီးပါးသည် စစ်ကိုင်းတိုင်း မြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ဒေသသည် စစ်အာဏာမသိမ်းမီက အများအားဖြင့် တည်ငြိမ်အေးချမ်းခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်အုပ်ချုပ်မှုကို ဆန့်ကျင်တော်လှန်သည့် အချက်အချာနေရာအဖြစ် ထွက်ပေါ်လာခဲ့သည်။

စစ်အာဏာသိမ်းမှု မတိုင်ခင် ၂၀၂၀ ပြည့်နှစ်က မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၂၅၄ ဦး ရှိခဲ့ကြောင်း ယူနီဆက်ဖ်က ပြောသည်။

မြန်မာစစ်တပ်သည် ဆယ်စုနှစ်များစွာကြာ ပြည်တွင်း ပဋိပက္ခအတွင်း ကြမ်းကြုတ်ယုတ်မာသော လုပ်ရပ်များနှင့် စစ်ရာဇဝတ်မှုများကို ကျူးလွန်ကြောင်း ထပ်တလဲလဲ စွပ်စွဲခံထားရသည်။

အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့များသည် ၎င်းတို့ကို ဆန့်ကျင်တိုက်ခိုက်သည့် တပ်ဖွဲ့များနှင့် ရင်ဆိုင်ရလျက် ရှိစဉ် ဘုရားကျောင်းများ ဝန်းကျင်နှင့် စပါးခင်းများသို့ သွားရာ လမ်းကြောင်းများပေါ်တွင် အပါအဝင် မြေမြှုပ်မိုင်းများကို အကြီးအကျယ် ထောင်ထားခဲ့ကြောင်း ယမန်နှစ်က နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က ပြောသည်။

ယူနီဆက်ဖ်၏ ကိန်းဂဏန်းများတွင် အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်တော်လှန်သည့် တိုက်ခိုက်ရေးသမားများက “ဒေသအုပ်ချုပ်ရေးအဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့များ” ကို ပစ်မှတ်ထားခြင်းကြောင့် ဖြစ်ပေါ်သည့် သေကျေ၊ ဒဏ်ရာရမှုများကို ထည့်သွင်းထားခြင်း မရှိဟု အေဂျင်စီက ပြောသည်။

အာဏာသိမ်းမှုနှင့် ယခုနှစ် ဇန်နဝါရီအကြားတွင် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် တိုက်ခိုက်ရေးသမားများနှင့် မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြောင့် လူ ၅,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း စစ်ကောင်စီက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များက လူ ၃,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့သလို စစ်တပ်၏ ဖြိုခွင်းနှိမ်နင်းမှုအတွင်း လူ ၁၉,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း ပြည်တွင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုက ပြောသည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required