ထန်တလန်မြို့တွင်းနှင့် CNA စခန်းငယ်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

By ပါခွီး (မဇ္စျိမ)
23 February 2023
ထန်တလန်မြို့တွင်းနှင့် CNA စခန်းငယ်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ချင်းပြည်နယ် ၊ ထန်တလန်မြို့အတွင်းနှင့် ချင်းအမျိုးသားတပ်မတော် (CNA) စခန်းငယ်တစ်ခုကို စစ်ကောင်စီတပ်လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

ဖေဖော်ဝါရီလ ၂၂ရက် နံနက်ပိုင်းတွင် ထန်တလန်မြို့တွင်းရှိ CNA နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF)များ နေထိုင်နိုင်သည့် နေရာများကို နေလယ် ၁၂နာရီ ၃၀မိနစ်နှင့် ည ၁၂နာရီအချိန်တို့တွင် ထန်တလန် မြို့နယ် ဘွားလ်ပီးစခန်းရှိရာသို့ တိုက်လေယာဉ်များဖြင့် ဗုံးကြဲခြင်းဖြစ် ကြောင်းသိရသည်။ 

“ဂျက်နှစ်စီးနဲ့ ထန်တလန်မြို့ထဲနဲ့ ဘွားလ်ပီကမ့်မှာ ဗုံးလာချတယ် ၊ စခန်းအဆောင် တချို့ပျက်စီးတယ် ၊ လူတွေထိခိုက်မှုမရှိဘူး” ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ ကပြောသည်။ 

ယင်းတိုက်ခိုက်မှုကြောင့် ဘွားလ်ပီးစခန်းရှိ အဆောက်အဦအချို့ပျက်စီးခဲ့သည်မှအပ လူများထိခိုက်မှုမရှိကြောင်းနှင့် ထန်တလန်မြို့တွင် စစ်ကောင်စီတပ်အင်အား မတိုးချဲ့နိုင်သေးသောကြောင့် ယခုကဲ့သို့ လေတပ်ကို အားကိုးနေခြင်းဖြစ်ကြောင်းသုံးသပ်ပြော ဆိုသည်။ 

ထန်တလန်မြို့အတွင်းရှိ စစ်ကောင်စီတပ်စခန်းသို့ ရဟတ်ယာဉ်များ ဆင်းသက်ပြီး ဒဏ်ရာရသူများသယ်ဆောင်ကာ လက်နက်ခဲယမ်းများ ဖြည့်တင်းထားကြောင်း သိရသည်။ 

ဖေဖော်ဝါရီလ ၈ရက် ည ၉နာရီတွင် အင်အား ၄၀ခန့်ရှိသော ထန်တလန်မြို့ရဲ စခန်းနှင့် အင်းအား တပ်စိတ် တစ်စိတ်ရှိသော ထွေအုပ်ရုံးများရှိ စစ်ကောင်စီတပ်သားများကို CNA နှင့် CDF – Thantlang တို့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး လက်နက် ၄၀ကျော်နှင့် ခဲယမ်းများ သိမ်းဆည်းရခဲ့ကြောင်းသိရသည်။ 

ဖေဖော်ဝါရီလ ၁ရက်နေ့ကလည်း ထန်တလန်မြို့ CB Bank တွင်အခြေကုတ်ယူထားသည့် စစ်ကောင်စီတပ်သားများကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လျှပ်တပြက် ဝင်ရောက်စီးနင်းပြီး စစ်ကောင်စီတပ်သားခြောက်ဦးကို လက်နက်များနှင့်တကွ ဖမ်းဆီး ခဲ့သေးသည်။ 

ယင်းကဲ့သို့ မြေပြင်တိုက်ပွဲများတွင် အရေးနိမ့်ပြီးနောက် ထန်တလန်မြို့တွင် စစ်ကောင်စီတပ်မှ ၎င်းတို့ တပ်စွဲထားသည့် တပ်ကုန်းတစ်ခုသာကျန်တော့ပြီး လေကြောင်းတိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly