နိုင်ငံကူးလက်မှတ်အား အွန်လိုင်းဘွတ်ကင်စနစ်သစ်ဖြင့် လျှောက်ထားနိုင်ကြောင်း စစ်ကောင်စီ ကြေညာ 

By ဂန္ဒမာ (မဇ္ဈိမ)
23 February 2023
နိုင်ငံကူးလက်မှတ်အား အွန်လိုင်းဘွတ်ကင်စနစ်သစ်ဖြင့် လျှောက်ထားနိုင်ကြောင်း စစ်ကောင်စီ ကြေညာ 

 မြန်မာနိုင်ငံကူးလက်မှတ်အား အွန်လိုင်းဘွတ်ကင်စနစ်သစ်ဖြင့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှစတင်ကာ ကိုယ်တိုင်လျှောက်ထားနိုင်မှာဖြစ်တယ်လို့ စစ်ကောင်စီဝါဒဖြန့် သတင်းစာတွင် ယနေ့ကြေညာထားသည်ကို တွေ့ရသည်။ 

ပြောင်းလဲလိုက်သည့် အွန်လိုင်းဘွတ်ကင်စနစ်သစ်ကို မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)၌သာ အသုံးပြုမည်ဖြစ်ပြီး ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးရုံးခွဲများမှာ ယခင်လျှောက်ထားမှုလုပ်ငန်းစဥ်အတိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

“ရုံးကဖွင့်လောက်မလားပဲ၊ ယုံတော့မယုံရဲဘူး၊ဖွင့်လည်း ဘယ်ဟာတွေပဲလုပ်ပေးမလဲမသိဘူး။ QRတွေကလည်း စနစ်သစ်ဆို အသစ်ကပြန်ယူရမှာလား၊ အခြေအနေကို စောင့်ကြည့်ရမှာပဲပေါ့။” ဟု ရန်ကုန်ရုံးတွင် ပတ်စ်ပို့ပြုလုပ်ရန် စောင့်ဆိုင်းနေသူတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

အွန်လိုင်းဘွတ်ကင်ရယူရာတွင် အချိန်အကန့်အသတ်မရှိ အလွယ်တကူလျှောက်ထားနိုင်မှာဖြစ်ပြီး ကုန်ကျစရိတ်ကို သတ်မှတ်နှုန်းထားအတိုင်းပေးချေရမည်ဖြစ်ကြောင်း ကြေညာချက်တွင်ပါရှိသည်။ သို့သော် ငွေပေးချေရမည့်ပုံစံနှင့် ကုန်ကျစရိတ်သတ်မှတ်ချက်အား ထည့်သွင်းဖော်ပြထားခြင်းမရှိပေ။ 

အွန်လိုင်းဘွတ်ကင်လျှောက်ထားဖို့ အခက်အခဲရှိသူများအနေဖြင့် သက်ဆိုင်ရာ မြို့မရဲစခန်းများတွင် အကူအညီတောင်းခံ၍ လျှောက်ထားနိုင်ကြောင်း သိရသည်။ ယခုစနစ်သစ်တွင် မည်သူမဆိုလျှောက်ထားနိုင်ရန် စီစဉ်ထားသဖြင့် ကြားခံပွဲစားများဖြင့် အခကြေးငွေပေးဆောင်၍ လျှောက်ထားခြင်းမပြုရန် နှိုးဆော်ထားသည်။ 

“ ရဲစခန်းမှာ အကူအညီတောင်းနိုင်တယ်ဆိုတာက တစ်ခါတည်း သူတို့ပါအချက်အလက်ရအောင်ဖြစ်မယ်ထင်တယ်။ တချို့က CDM တွေလေ။ သူတို့ဆီလည်းစာရင်းရှိတာပဲ၊ အရင်နှစ်ကလည်း CDM တွေရုံးထဲထိရောက်ပြီးမှ အဖမ်းခံရတာရှိတယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်နေမယ်။ သူတို့ဆီမှာလည်း စာရင်းရှိပြီးသားဆိုတော့ အဲ့လိုသွားလုပ်ရင်းလည်း အဆွဲခံရနိုင်တာပဲ” ဟု ပတ်စ်ပို့ပြုလုပ်ရန် စောင့်ဆိုင်းနေသူတစ်ဦးက ၎င်း၏အမြင်ကို ပြောသည်။ 

ရန်ကုန်မြို့အပါအဝင် နိုင်ငံတစ်ဝန်းလုံးရှိ ပတ်စ်ပို့ရုံးများကို ၂၀၂၂ ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ပိတ်ထားခဲ့ရာမှ ယခုရက်ပိုင်းအတွင်း ရုံးများပြန်လည်ဖွင့်လှစ်မည့်ရက်နှင့်ပတ်သက်၍ သတင်းအမျိုးမျိုးထွက်ပေါ်နေသောကြောင့် အွန်လိုင်းဘွတ်ကင်စနစ်သစ်စတင်မည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့ကို စောင့်ကြည့်နေကြသူအများအပြားရှိကြောင်း တွေ့ရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly