တရုတ်ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တစ်ဦးကို ထိုင်းက ဗီဇာ ရုပ်သိမ်း

By ANI  
23 February 2023
တရုတ်ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တစ်ဦးကို ထိုင်းက ဗီဇာ ရုပ်သိမ်း

တရုတ်မှ လူများကို ထိုင်းနိုင်ငံသို့ တရားမဝင် ခိုးသွင်းရာတွင် ပါဝင်သည်ဟု စွပ်စွဲခံထားရသော တရုတ်နိုင်ငံသားတစ်ဦးအား ထိုင်းရဲများက ဗီဇာ ရုပ်သိမ်းလိုက်ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံရှိ ရှန်ရှီးအသင်း ဥက္ကဋ္ဌဖြစ်သူ တရုတ်နိုင်ငံသား ယုရှင်းချီအား နိုင်ငံအတွင်း မသမာသော လုပ်ငန်းကွန်ရက်တစ်ခုကို တည်ထောင်၊ လုပ်ကိုင်နေသည်ဟု စွပ်စွဲကာ ဖေဖော်ဝါရီလ ၁၇ ရက်တွင် ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့သည်။

တရုတ်စီးပွားရေးလုပ်ငန်းရှင် တုဟောင် ခေါ် ချိုင်ယာနက် ကွန်းချာယာနန့် ကဲ့သို့ပင် နောက်ထပ် တရုတ်ဒုစရိုက်ဂိုဏ်းခေါင်းဆောင်တစ်ဦးသည် အတုအယောင်စီးပွားရေးကွန်ရက်တွင် ပါဝင်ပတ်သက်နေသည်ဟု  Move Forward ပါတီ မှ လွှတ်တော်အမတ် ရန်ဆင်မင်န်ရုမ်းက ဖေဖော်ဝါရီလ ၁၅ ရက်တွင် အောက်လွှတ်တော် အစည်းအဝေး၌ ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် တရုတ်နိုင်ငံသားတစ်ဦးအား ဗီဇာရုပ်သိမ်းသည့်ကိစ္စ ပေါ်ပေါက်လာခြင်းဖြစ်သည်။ သံသယရှိသူ၏အမည်ကို ‘ယု’ ဟု လွှတ်တော်အမတ်က ကိုယ်စားပြုသုံးနှုန်းခဲ့သည်။

အဆိုပါ သံသယရှိသူသည် ဒုစရိုက်လုပ်ငန်းများအတွက် အကာအကွယ်ရရန် ကန်နာယောင်း ရဲတပ်ဖွဲ့၏ စီရင်ပိုင်ခွင့်အတွင်းတွင် တည်ရှိသော ရှန်ရှီးအသင်းကို တည်ထောင်ခဲ့ကြောင်း အနှိပ်ခန်းလုပ်ငန်းရှင်ဟောင်းနှင့် နိုင်ငံရေးသမားဖြစ်သူ ချူဗစ်ကာမိုလ်ဗစ်ဆစ်က ရန်ဆင်မင်န်အား အစောပိုင်းတွင် သတင်းပေးခဲ့သည်။ 

လိုင်စင်မဲ့ အသင်းအဖွဲ့ သို့မဟုတ် တရားမဝင်အသင်းအဖွဲ့ တည်ထောင်မှုနှင့်ပတ်သက်ပြီး ယုရှင်းချီ၏ မလျော်ကန်သည့် လုပ်ရပ်များကို ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးတွေ့ရှိပြီးနောက် ၎င်းအား လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးဗျူရို (IB) အကြီးအကဲ ရဲမှူးချုပ် ပက်ခ်ဖွမ်ပီပက် ဆက်ဂျာဖန်က ဖေဖော်ဝါရီလ ၁၇ ရက်တွင် ပြောကြားခဲ့သည်။ 

ယုသည် အငြိမ်းစား ဗီဇာ ကိုင်ဆောင်ထားပြီး ထိုင်းနိုင်ငံတွင် ၂ နှစ်ကြာ နေထိုင်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးဗျူရို (IB) အကြီးအကဲက ဆိုသည်။ နောက်ပိုင်းတွင် သူသည် ချောင်ဘူရီ ပြည်နယ်တွင် နောက်ထပ် ၁ နှစ် နေထိုင်ခွင့်ရရန် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ တောင်းဆိုခဲ့သည်။ အဆိုပါ ဗီဇာအမျိုးအစားသည် ထိုင်းနိုင်ငံတွင် နေထိုင်လိုသော အသက် ၅၀ နှင့်အထက် နိုင်ငံခြားသားများကို ထုတ်ပေးသည့် ဗီဇာဖြစ်ကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် ယခုကဲ့သို့ကိစ္စများ အဖြစ်များလာသည်။ တရုတ်စီးပွားရေးလုပ်ငန်းရှင် တုဟောင်နှင့် ဆက်စပ်နေသည့် တရားမဝင်စီးပွားရေးလုပ်ငန်းတစ်ခုတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိသူ ၁၉ ဦးကိုလည်း ထိုင်းရဲတပ်ဖွဲ့က ဇန်နဝါရီလတွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

အဆိုပါ လူ ၁၉ ဦးသည် ဘန်ကောက်တောင်ပိုင်း ရာဇဝတ်တရားရုံးက ဖမ်းဝရမ်းထုတ်ထားသည့် သံသယရှိသူ ၃၇ ဦးတွင် ပါဝင်ကြောင်း ရှေ့နေချုပ်ရုံးက ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly