ယီမင်မြောက်ပိုင်းကို ဆော်ဒီက လေကြောင်းမှ တိုက်ခိုက် အနည်းဆုံး ရ၈ ဦးသေ

ယီမင်မြောက်ပိုင်းကို ဆော်ဒီက လေကြောင်းမှ တိုက်ခိုက် အနည်းဆုံး ရ၈ ဦးသေ

ဆာနာ၊ မတ် ၁၇ ။           ။ ယီမင်နိုင်ငံ မြောက်ပိုင်းရှိ ဈေးတစ်ခုကို ဆော်ဒီအာရေဘီးယားက လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့ရာ အရပ်သား အနည်းဆုံး ၇၈ ဦးသေဆုံးပြီး ၁၀၀ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ဟတ်ဂျားရှိ ဆေးအရာရှိသုံးဦးက စီအင်အင်သို့ ပြောကြားခဲ့သည်။ ယီမင်ကာကွယ်ရေးဝန်ကြီးဋ္ဌာနကမူ သေဆုံးသူဦးရေမှာ ၁၀၇ ဦးအထိရှိသည်ဟု ထုတ်ပြန်သည်။

လေကြောင်းတိုက်ခိုက်မှုနှစ်ခုမှာ ဟတ်ဂျာမြို့ မူစတာဘားရှိ ခါမီးစ်ဈေးလယ်ကို အစည်ကားဆုံးအချိန်တွင်  တိုက်ခိုက်ခဲ့သည်။ တတိယမြောက်တိုက်ခိုက်မှုမှာ ဈေး၏ ဂိတ်ပေါက်များကို ထိမှန်ခဲ့သည်။ ၎င်းဈေးမှာ ယီမင်မြောက်ပိုင်းဒေသတွင် အကြီးဆုံးဈေးတစ်ခုဖြစ်သည်။ "အလောင်းဒါဇင်ပေါင်းများစွာဟာ လုံးဝကျွမ်းသွားပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့်  အလောင်းများစွာဟာ ပြန့်ကျဲလွင့်ထွက်ခဲ့ပြီး အခြားအလောင်းဒါဇင်များစွာဟာလည်း မမှတ်မိတော့လောက်အောင် ဖြစ်သွားပါတယ်"ဟု တိုက်ခိုက်ခံမှုမှ ရှင်သန်ခဲ့သူ ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သည့် အလီအယ်လ်ရှာရာဖီက ပြောသည်။

သေဆုံးသူများတွင် ကလေးငယ်ခုနှစ်ဦး ပါဝင်သည်။ အလောင်းများ၏ ပုံကို ဟူသီသူပုန်များ၏ AlMasirah TV ရုပ်သံက ထုတ်လွှင့်ပြသည်။ လူမှုမီဒီယာများတွင် ပျံ့နှံ့နေသော ဈေးကို ပစ်မှတ်ထားတိုက်ခိုက်မှုမှာ ဆော်ဒီ၏လေကြောင်းတိုက်ခိုက်မှုကို ရည်ညွှန်းသည်ဆိုခြင်းမှာ အမြဲတစေအမှန်မဟုတ်ဟု ညွန်ပေါင်းတပ်ဖွဲ့များမှ ဆော်ဒီပြောခွင့်ရ အမျိုးသားနှင့် ဆော်ဒီကာကွယ်ရေးဝန်ကြီးဋ္ဌာနရုံး အကြံပေးဖြစ်သူ အာမက်ဟာဆန်အယ်လ်အာဆီရီက ပြောသည်။

ဗုံးကြဲတိုက်ခိုက်မှု၏ နောက်ကွယ်တွင် အခြားသူများလည်း ဖြစ်နိုင်သည်ဟု အာဆီရီက ပြောသည်။ ပြောကြားချက်များ မှန်မမှန် စုံစမ်းစစ်ဆေးမည်ဖြစ်ပြီး ရလဒ်ကို ထုတ်ပြန်မည်ဟု ၎င်းကဆိုသည်။ လေကြောင်းတိုက်ခိုက်မှုအပြီး ဟတ်ဂျားပြည်နယ်ရှိ ဆေးရုံတွင် အနည်းဆုံးလူ ၄၀ (အားလုံးအရပ်သား) ကုသမှုခံယူနေသည်ဟု နယ်စည်းမခြားဆရာဝန်များအဖွဲ့က ၎င်း၏တွစ်တာတွင် ရေးသားသည်။

လွန်ခဲ့သည့်လကလည်း ယီမင်မြို့တော် ဆာနာ၏ မြောက်ဘက် နီဟင်ခရိုင်ရှိ ဈေးတစ်ခုကို ဆော်ဒီက လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် အနည်းဆုး လူ၃၀ သေဆုံးခဲ့သေးသည်။ အဆိုပါခယ်လ်ကားဈေးမှ သေဆုံးသူအားလုံးနီပါးလည်း အရပ်သားများသာဖြစ်သည်။

တစ်နှစ်ကြာစစ်ပွဲ အဆုံးသတ်ရေး ဟူသီနှင့် ဆော်ဒီတို့ လျှို့ဝှက်ဆွေးနွေးပွဲများအပြီး ၁၀ ရက်အကြာတွင် ယခုတိုက်ခိုက်မှု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အစည်းအဝေးများအတွင်း ဆော်ဒီနယ်စပ်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့ပြီး အကျဉ်းသားလဲလှယ်ရေးသဘောတူညီချက်လည်း ရရှိခဲ့သည်ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly