ထိုင်းတွင် မေလအတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဟု ဝန်ကြီးချုပ် ပြော

ထိုင်းတွင် မေလအတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဟု ဝန်ကြီးချုပ် ပြော

ထိုင်းနိုင်ငံတွင် လာမည့် မေလအတွင်း အထွေထွေ ရွေးကောက်ပွဲတစ်ရပ် ကျင်းပမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ဖေဖေါ်ဝါရီ ၂၁ ရက်တွင် ပြောသည်။ အလွတ်သဘော မဲဆွယ်စည်းရုံးမှုများကိုလည်း လုပ်ဆောင်နေပြီ ဖြစ်သည်။

မတ်လတွင် ပါလီမန်ကို ဖျက်သိမ်းမည် ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်က ပြောသည်။ ပြဿနာပတ်လည်ဝိုင်းနေသော ထိုင်းဝန်ကြီးချုပ် ပရာယွတ်သည် ၂၀၁၄ ခုနှစ် အာဏာသိမ်းစဉ်က စစ်တပ်အကြီးအကဲ ဖြစ်ခဲ့ပြီး ၂၀၁၉ အငြင်းပွားဖွယ် ရွေးကောက်ပွဲတစ်ရပ်အပြီး ဝန်ကြီးချုပ်အဖြစ် အာဏာရနေခဲ့သူဖြစ်သည်။

ထိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ စည်းမျဉ်းများအောက်တွင် မေလအတွင်း ရွေးကောက်ပွဲတစ်ရပ် ကျင်းပရရန် ရှိပြီး မေလ ၇ ရက်က ဖြစ်နိုင်ခြေ အများဆုံးရက်ဖြစ်ကြောင်း လေ့လာစောင့်ကြည့်သူ အများအပြားက ရှုမြင်ကြသည်။

“ကျွန်တော် ပါလီမန်ကို ဖျက်သိမ်းသွားပါမယ်။ မတ်လလို့ ကျွန်တော် ပြောခဲ့သလို ဒါက မတ်လပဲ ဖြစ်ပါလိမ့်မယ်။ ဆိုတော့ ဒါက မေလနဲ့ ကိုက်ညီပါလိမ့်မယ်” ဟု ထိုင်းဝန်ကြီးချုပ်က အစိုးရဝန်ကြီးအဖွဲ့ ပုံမှန် အစည်းအဝေးတစ်ခုအပြီး သတင်းထောက်များကို ပြောသည်။

နိုင်ငံတွင် စီးပွားရေးက နှေးကွေးလေးလံနေပြီး အဓိကကျသော ခရီးသွားလုပ်ငန်းကလည်း ကပ်ရောဂါကြောင့် အကြီးအကျယ် ထိခိုက်ထားခဲ့သည့်အတွက် အသက် ၆၈ နှစ်အရွယ် ဝန်ကြီးချုပ် ပရာယွတ်အပေါ် လူထုထောက်ခံမှုက ကျဆင်းနေခဲ့သည်။ သို့သော် ရွေးကောက်ပွဲတွင် ပြန်လည်ယှဉ်ပြိုင်မည်ဟု ၎င်းက ပြီးခဲ့သည့်လတွင် လူထုစည်းဝေးပွဲတစ်ခု၌ ပြောသည်။

ပရာယွတ်သည် အသစ်ထူထောင်ထားသည့် ရွမ်ထိုင်းစန်ချတ် ပါတီအောက်မှ ရွေးကောက်ပွဲ ဝင်မည် ဖြစ်ပြီး လက်ရှိ အာဏာရပါတီ ပလန်း ပရာချာရတ် ပါတီ (PPRP) က လာမည့် ရွေးကောက်ပွဲ၌ ၎င်းတို့၏ ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းအဖြစ် လက်ရှိဒုဝန်ကြီးချုပ် ပရာဝစ် ဝေါင်ဆုဝမ်ကို အမည်စာရင်းသွင်းကြောင်း ပြီးခဲ့သည့်လက ကြေညာသည်။

မဲဆွယ်စည်းရုံးမှု ကြော်ငြာ ဆိုင်းဘုတ်များလည်း နိုင်ငံတစ်ဝန်း ပေါ်ပေါက်ထားခဲ့ပြီး အဓိက အတိုက်အခံ ဖျူထိုင်းပါတီသည်လည်း နိုင်ငံအရှေ့မြောက်ပိုင်းရှိ ၎င်းတို့၏ အစဉ်အလာ အမာခံနယ်မြေများတွင် စည်းရုံးမှုများ လုပ်ဆောင်နေပြီ ဖြစ်သည်။

ဖျူထိုင်းပါတီသည် လူထုသဘောထားစစ်တမ်း ရလဒ်များ ကောင်းမွန်နေသည် ဆိုသော်လည်း ထိုင်းစစ်အာဏာသိမ်းအုပ်စု အုပ်ချုပ်မှုအောက် ရေးဆွဲခဲ့သော လက်ရှိထိုင်းဖွဲ့စည်းပုံဥပဒေက စစ်တပ်နှင့် ဆက်နွယ်သော ပါတီများကို အားကောင်းသည့် အရေးသာမှုတစ်ရပ်ကို ပေးနေသည်။

နိုင်ငံတွင် ဥပဒေဖြင့် အကြီးအကျယ် အကာအကွယ်ပေးခြင်းခံထားရသည့် ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေးအတွက် မကြုံစဖူး တောင်းဆိုမှုများနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးအတွက် တောင်းဆိုမှုများ ရှိခဲ့သည့် ၂၀၂၀ ပြည့်နှစ် လူငယ်ထု ဦးဆောင်သော လမ်းပေါ်ဆန္ဒပြပွဲများနောက်ပိုင်း ယခုရွေးကောက်ပွဲက ပထမဆုံးအကြိမ် ဖြစ်လိမ့်မည် ဖြစ်သည်။

ဖျူထိုင်းပါတီသည် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာ၏ သမီး ပယ်တုန်တန် ရှင်နာဝါထရာကို ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် အဆိုပြုဖွယ် ရှိသည်။

ဘီလျံနာ သက်ဆင်သည် ၂၀၀၆ အာဏာသိမ်းမှုတွင် ဝန်ကြီးချုပ်အဖြစ်မှ ဖြုတ်ချခံရပြီး ၎င်း၏အဆိုအရ နိုင်ငံရေးအရ အရင်းခံမှုဖြစ်သည် ဆိုသည့် အကျင့်ပျက်ခြစားမှု စွဲချက်များကို ရှောင်တိမ်းရန် ပြည်ပတွင် ခိုလှုံနေထိုင်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly