နိုင်ငံတောင်ပိုင်းတွင် စစ်ကောင်စီက အရပ်သားများကို တိုက်ခိုက်မှုများ ဆက်လုပ်နေ

နိုင်ငံတောင်ပိုင်းတွင် စစ်ကောင်စီက အရပ်သားများကို တိုက်ခိုက်မှုများ ဆက်လုပ်နေ

မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အရပ်သားပြည်သူများသည် စစ်ကောင်စီတပ်ဖွဲ့များ၏ လက်နက်ကြီးကျည်နှင့် ကျည်ဆန်များဖြင့် အဆင်အခြင်မဲ့ ပစ်ခတ် တိုက်ခိုက်ခြင်းကို မရပ်အနား ခံနေရသည်ဟု အစိုးရမဟုတ်သော အဖွဲ့တစ်ခုဖြစ်သည့် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က ပြောသည်။

ကျေးရွာများကို မီးရှို့ခြင်း အပါအဝင် နေအိမ်အဆောက်အအုံများ ဖျက်ဆီးခံရခြင်းများကလည်း ဆက်လက်ဖြစ်ပေါ်နေသည်။ နေ့စဉ်နှင့်အမျှ လူအများအပြားသည် ၎င်းတို့၏‌ နေအိမ်များကို စွန့်ခွာထွက်ပြေးနေကြရသလို တစ်ချိန်တည်းမှာပင် စစ်တပ်၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေမှုနှင့် နိုင်ငံတကာ၏ အရေးယူမှု ကင်းမဲ့နေခြင်းတို့ကလည်း အာဏာသိမ်းစစ်တပ်ဘက်က ယုတ်မာရက်စက်သော ပြစ်မှုများကို ထပ်မံကျူးလွန်စေရန် တိုက်တွန်းပေးသကဲ့သို့ ဖြစ်နေသည်။

ယခု ၂၀၂၃ ခုနှစ်တွင်လည်း မြန်မာနိုင်ငံ၌ ပြည်သူများအပေါ် အကြမ်းဖက်မှုများ ဆက်ရှိနေသည်။

အထူးသဖြင့် ကရင်ပြည်နယ်ရှိ ပြည်သူများမှာ အပြင်းအထန် ထိခိုက်ခံစားထားကြရသည်။ အာဏာသိမ်းစစ်တပ်အပေါ် လက်နက်ကိုင် ခုခံတော်လှန်မှုက ပြင်းထန်လာနေပြီး မြန်မာစစ်တပ်သည် သိသာထင်ရှားသော ဆုံးရှုံးမှုများနှင့် ကြုံတွေ့ထားသည်။ ယင်းအတွက်ကြောင့် အာဏာသိမ်းစစ်တပ်က ပြန်လည် လက်တုံ့ပြန်ပြီး အရပ်သားဧရိယာများကို ပစ်မှတ်ထားတိုက်ခိုက်ထားခဲ့သည်။

၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီ ၉ ရက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်သည့် ဧရိယာများအတွင်းရှိ ကရင်ပြည်နယ် ဒူပလာယာ ခရိုင်တွင် မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက စုဆောင်းကောက်ယူထားသည့် အချက်အလက်များအရ သိရသည်။

ဖေဖေါ်ဝါရီ ၃ ရက်နှင့် ၁၆ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့များသည် ကော့ကရိတ်မြို့နှင့် ကြာအင်းဆိပ်ကြီးမြို့ တောင်ဘက်ရှိ ကျေးရွာအုပ်စုလေးခုကို မော်တာလက်နက်ကြီးများဖြင့် အကြိမ် ၂၀ ကျော် ပစ်ခတ်ခဲ့သည်။ ယင်းကဲ့သို့ ပစ်ခတ်မှုကြောင့် ကျေးရွာသုံးရွာတွင် နေအိမ် ၂၂ လုံး ပျက်စီးသွားခဲ့ပြီး လူခြောက်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖေဖော်ဝါရီ ၁၄ ရက် ည ၁၁ နာရီခန့်တွင် စစ်ကောင်စီ တိုက်လေယာဉ် သုံးစင်းက KNU ၏ တပ်မဟာ (၅) ထိန်းချုပ်ဧရိယာများရှိ လူသောမြို့နယ်ကို တိုက်ခိုက်ခဲ့သည်။ ဒီဘူနိုကျေးရွာကို ဗုံးရှစ်လုံး ကြဲခဲ့ရာ နေအိမ် ခြောက်လုံးကို ထိမှန်ခဲ့သည်။

နောက်တစ်နေ့တွင် နောက်ထပ် စစ်ကောင်စီ တိုက်လေယာဉ် သုံးစင်းက လူသောမှ ပျံသန်းလာခဲ့ပြီး ပဒဲကေရွာကို နောက်ထပ် ဗုံးခြောက်လုံး ပစ်ချတိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်မှုကြောင့် အများပြည်သူဆိုင်ရာ အဆောက်အအုံ ခုနစ်လုံး၊ နေအိမ် ခြောက်လုံးနှင့် ဈေးဆိုင်သုံးဆိုင် အပါအဝင် မူလတန်းကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးခဲ့သည်။ ထွန်စက်များ၊ မော်တော်ဆိုင်ကယ်များနှင့် ဆန်စက်များကဲ့သို့ အခြားသော မွေးမြူရေးနှင့် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ပစ္စည်းများလည်း ထိခိုက်ပျက်စီးခဲ့သည်။ စုစုပေါင်းအားဖြင့် ထိခိုက်ပျက်စီးမှုတန်ဖိုး ထိုင်းဘတ်  သုံးသန်းကျော် (ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၈၇,၀၉၉.၁၅ ခန့်) ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည်။

မွန်ပြည်နယ် ရေးမြို့တွင်လည်း ဖေဖေါ်ဝါရီ ၁၁ ရက် ညနေ ၅ နာရီခန့်က စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့များက မွန်ပြည်နယ် လမိုင်းမြို့ကို လက်နက်ကြီးဖြင့် အဆင်အခြင်မဲ့ ပစ်ခတ်ခဲ့သည့်အတွက် ကိုရင်တစ်ပါး ပျံလွန်တော်မူပြီး ရို့ဖိုဂေလ် ဘုန်းကြီးကျောင်းမှ သံဃာတစ်ပါး ထိခိုက်ဒဏ်ရာရခဲ့သည်။

လက်နက်ကြီးကျည်ကို စစ်ကောင်စီ၏ အမှတ် (၃၁၇) အမြှောက်တပ်မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ အဆိုပါအဖွဲ့သည် စစ်တပ်၏ အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်အောက်တွင် လှုပ်ရှားသည်။ ခန့်မှန်းခြေအားဖြင့် လက်နက်ကြီးကျည်ဆန် ခုနစ်လုံး ဘုန်းကြီးကျောင်းအနီးဝန်းကျင်တွင် ကျရောက်ပေါက်ကွဲခဲ့သည်။

ဖေဖေါ်ဝါရီ ၁၃ ရက်တွင်လည်း ဗုဒ္ဓရဟန်းသံဃာများ ထပ်မံ ပစ်မှတ်ထားခြင်းခံခဲ့ရသည်။ မွန်ပြည်နယ် သထုံအခြေစိုက် အမှတ် (၉) ခြေလျင်တပ်၏ အဆင်အခြင်မဲ့ ပစ်ခတ်ခဲ့မှုကြောင့် ဗုဒ္ဓဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ပေါက်ကွဲမှုဖြစ်ပေါ်စေခဲ့သည်။ ယင်းပေါက်ကွဲမှုကြောင့် သက်တော် ၁၁ နှစ်အရွယ် ကိုရင်တစ်ပါးနှင့် သက်တော် ၅၆ နှစ်နှင့် ၄၅ နှစ်ရှိ သံဃာနှစ်ပါး အပြင်းအထန် ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီသည် ပြစ်ဒဏ်ခတ်ခံရခြင်း မရှိဘဲ ယခုပြစ်မှုများကို ဆက်လက် ကျူးလွန်နေခြင်းနှင့်အတူ မြန်မာနိုင်ငံတောင်ပိုင်း ဧရိယာများရှိ အပြစ်မဲ့ အရပ်သားပြည်သူများမှာ ပစ်မှတ်ထားခံရလျက် ရှိသည်။

စစ်ကောင်စီကို ၎င်းတို့၏ လုပ်ရပ်များအတွက် တာဝန်ခံရစေမည့် အကျိုးဆက်များနှင့်အတူ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် တုံ့ပြန်လုပ်ဆောင်သွားရလိမ့်မည်ဖြစ်ကြောင်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက ပြောသည်။ လေယာဉ်ဆီအပေါ် ဒဏ်ခတ်ပိတ်ဆို့ရေး၊ စစ်တပ်၏ ဝင်ငွေရင်းမြစ်လမ်းကြောင်းများကို ဖြတ်တောက်ရေးနှင့် အကူအညီ လိုအပ်နေသူများထံ အကူအညီများ ရောက်ရှိအောင် လုပ်ဆောင်ရေး မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက တောင်းဆိုလျက် ရှိသည်။ ထို့ပြင် အလှူရှင်များအနေဖြင့် မြေပြင်အခြေအနေနှင့်အညီ ပိုပြီး အသိအမြင်များသော မူဝါဒများကို ချမှတ်လုပ်ဆောင်ရလိမ့်မည်ဖြစ်ပြီး ခုခံနိုင်စွမ်း အားအနည်းဆုံးသူများထံ နယ်စပ်ဖြတ်ကျော် အကူအညီများ ရောက်ရှိစေရေး ပြည်တွင်းအဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်ရလိမ့်မည် ဖြစ်ကြောင်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly