မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုအသစ်များ အိုဘားမား ချမှတ်

မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုအသစ်များ အိုဘားမား ချမှတ်

ဝါရှင်တန်၊ မတ်၊ ၁၇ ။          ။ မြောက်ကိုရီးယား၏ နျူကလီယားစမ်းသပ်မှုများနှင့် ဂြိုလ်တုလွှတ်တင်မှုများအပေါ် အရေးယူသည့်အနေဖြင့် အမေရိကန်သမ္မတအိုဘားမားက စီးပွားရေးပိတ်ဆို့မှု အသစ်များ ထပ်မံချမှတ်လိုက်သည်။

ယခုထပ်မံထုတ်ပြန်လိုက်သော ပိတ်ဆို့မှုများအရ အမေရိကရှိ မြောက်ကိုရီးယားအစိုးရပိုင်ဆိုင်မှုများကို ထုတ်ယူခွင့် မပေးဘဲထိန်းသိမ်းသွားမည်ဖြစ်ပြီး အမေရိကမှ မြောက်ကိုရီးယားသို့ ကုန်ပစ္စည်းများတင်ပို့ခြင်း နှင့် ရင်းနှီးမြုပ်နှံခြင်းများကို လည်း ပိတ်ပင်သွားမည်ဖြစ်သည်။

ထို့ပြင် အမေရိကန်နိုင်ငံသားမဟုတ်သူများအပါအဝင် မြောက်ကိုရီးယားနှင့် စီးပွားရေးလုပ်ကိုင်သည့်မည်သူ့ကိုမဆို အမည်ပျက်စာရင်းသွင်းသွားမည် ဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံက ဇန်နဝါရီလ၊ ၆ ရက်နေ့တွင်ပြုလုပ်ခဲ့သော နျူကလီးယားစမ်းသပ်မှုနှင့် ၇ ရက်နေ့တွင် ဂြိုဟ်တု စမ်းသပ်လွှတ်တင်ခဲ့မှုတို့မှာ ကုလသမဂ္ဂက ချမှတ်ထားသော ကန့်သတ်ချက်များကို ချိုးဖောက်ရာရောက်ခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် မကြာသေးမီကသဘောတူညီခဲ့သည့် အရေးယူမှုများလည်း ပါဝင်သော အိုဘားမား၏ စီးပွားရေးပိတ်ဆို့မှုအသစ်သည် ပြီးခဲ့သည့် ဆယ်စုနှစ်များစွာအတွင်း   မြောက်ကိုရီးယားအပေါ်ချမှတ်ခဲ့သည့် ပိတ်ဆို့မှုများထဲတွင် အပြင်းထန်ဆုံးပိတ်ဆို့မှုဖြစ်လာခဲ့သည်။

သို့သော်ယခုပိတ်ဆို့မှုအသစ်ကို ကွန်ဂရက်ကချမှတ်ထားသော ပိတ်ဆို့မှုများနှင့် ဖေဖော်ဝါရီလအတွင်းက အိုဘားမား ချမှတ်ခဲ့သော ပိတ်ဆို့မှုများနှင့် သီးခြားစီခွဲခြားသတ်မှတ်ရမည်ဟု ထုတ်ပြန်ချက်ထဲတွင် အိုဘားမားက ဖော်ပြထားသည်။

မြောက်ကိုရီးယားနိုင်ငံသားများ ဒုက္ခရောက်အောင်ရည်ရွယ်ပြီး ယခုကဲ့သို့ ပိတ်ဆို့မှုများချမှတ်ခြင်းမဟုတ်ဘဲ မြောက်ကိုရီးယားခေါင်းဆောင်၏ လုပ်ရပ်များကြောင့်သာ အရေးယူရခြင်းဖြစ်ကြောင်း အိုဘားမားက ပြောကြားခဲ့သည်။

ယခုအကြိမ်သည် အမေရိကန်ပြည်ထောင်စုက မြောက်ကိုရီးယားအပေါ် ကုန်သွယ်ရေးပိတ်ပင်မှုချမှတ်သည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ပြီး ယခင်ကထိုပိတ်ဆို့မှုမျိုးကို အီရန် နှင့် မြန်မာနိုင်ငံတို့အပေါ်တွင် ချမှတ်ခဲ့ဖူးသည်။

ပြီးခဲ့သော ရက်ပိုင်းအတွင်းကပင် အမေရိကန်ကျောင်းသားတစ်ဦးကို မြောက်ကိုရီးယားက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်သဖြင့် အမေရိကန် နှင့် မြောက်ကိုရီးယားအကြား ဆက်ဆံရေးမှာ တင်းမာမှုများမြင့်တက်နေခဲ့ပြီး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly