ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌအိမ်မှ စစ်ကောင်စီတပ်၏ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရ

By ပါခွီး
21 February 2023
ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌအိမ်မှ စစ်ကောင်စီတပ်၏ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရ

မဇ္စျိမ ။။ မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ် ၊ ဘော်ပြင်းကျေးရွာ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌနေအိမ်ကို ဝင်ရောက်စစ်ဆေးရာ စစ်ကောင်စီတပ်၏ စစ်အသုံး အဆောင်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) မှ ဖေဖော်ဝါရီလ ၂၁ရက် ယနေ့တွင် ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁၉ရက် ညပိုင်းတွင် ၎င်းအိမ်မှ အချက်ပြမီးကဲ့သို့သော မီးရောင်တွေ့ရှိရသဖြင့် ဝင်ရောက်ရှာဖွေခဲ့ရာ စစ်ကောင်စီတပ်သုံး ပစ္စည်းများ ရှာဖွေ သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“အဲဒီအိမ်ကနေ CCTV Signal မီးလို မီးနီကိုတွေ့ရတယ် ၊ ရှာကြည့်တော့လည်း CCTV မတွေ့ရဘူး ၊ အဲဒီကပဲ စစ်အသုံးအဆောင်တွေကို သိမ်းဆည်းရမိတာပါ” ဟု YPDF ဗဟိုဦးဆောင်ကော်မတီဥက္ကဋ္ဌ ရဲဘော် ယောလေး က ပြောသည်။

အဆိုပါနေအိမ်အတွင်းမှ စစ်ယူနီဖောင်းအစိမ်း ၁၇ စုံ ၊ တိုက်ပွဲဝင်ယူနီဖောင်း ပြောက်ကျား လေးစုံ၊ အရာရှိ လျှာထိုးဦးထုပ် တစ်လုံး ၊ ရိုးရိုးဦးထုတ် လေးလုံး ၊ ကြယ်နှစ်ပွင့်စီတပ်ထားသော ပခုံးတင်ဘား နှစ်စုံ ၊ ဟန်းကော တစ်လုံး ၊ စစ်ဖိနပ် နှစ်ရံ နှင့် ဖောက်ခွဲရေးသုံးပစ္စည်းများ သိမ်းဆည်းရမိကြောင်း ဆိုသည်။

ယင်းနေအိမ်ပိုင်ရှင်မှာ ဘောပြင်းကျေးရွာ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးစိန်မြင့် နေအိမ်ဖြစ်ပြီး စစ်ယူနီဖောင်းများမှာ တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) ကျောင်းဆင်း သားဖြစ်သူ၏ပစ္စည်းများဖြစ်နိုင်သည့်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ နေအိမ်ပိုင်ရှင်မှာ ရွာမှ ထွက်ပြေးတိမ်းရှောင်နေသည်မှာ တစ်နှစ်ကျော်ပြီဖြစ်ပြီး ၎င်း၏ မိန်းမဖြစ်သူမှာလည်း Non CDM ကျောင်းဆရာမဖြစ်ကာ အစောပိုင်းကာလများတွင် ခလရ (၅၀) တပ်အတွင်း ခိုလှုံနေကြောင်း သိရှိရသည်။

ကျေးရွာ ပြည်သူအုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များ၏ ခွင့်ပြုချက်မရရှိဘဲ လူမနေသည့် ၎င်းနေအိမ်အတွင်းသို့ မည်သူမှ ဝင်ထွက်သွားလာခြင်း မပြုကြရန်နှင့် လိုက်နာမှုမရှိပါက ထိရောက်စွာ အရေးယူအပြစ်ပေးသွား မည်ဖြစ်ကြောင်း သတိပေးထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required