မုံရွာမြို့ ဇလုပ်အဝိုင်းမှ စစ်ကောင်စီဂိတ် အလစ်ဝင်ရောက်တိုက်ခိုက်ခံရ

By ပါခွီး
21 February 2023
မုံရွာမြို့ ဇလုပ်အဝိုင်းမှ စစ်ကောင်စီဂိတ် အလစ်ဝင်ရောက်တိုက်ခိုက်ခံရ

မဇ္စျိမ။    ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ကျောက္ကာလမ်းရှိ ဇလုပ်အဝိုင်းမှစစ်ကောင်စီဂိတ်ကို ကားဖြင့် ရှောင် တခင်အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦးထိမှန်ခဲ့ကြောင်း မုံရွာနတ်ဆိုးတပ်ဖွဲ့ထံ မှသိရသည်။

ဖေဖော်ဝါရီလ ၂၁ ရက် ယနေ့ မွန်းလွဲ ၁ နာရီခန့်တွင် ဖြတ်သန်းသွားလာသော ကား၊ ဆိုင်ကယ်များကို ဆက်ကြေးတောင်းနေသော စစ်ကောင်စီဂိတ်ကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“အဲဒီဂိတ်မှာ စခ(စစ်ကောင်စီတပ်သား) လေးယောက်ရှိတာ ၊ နှစ်ယောက် ထိမှန်သွားပါတယ်၊ သေမသေ ကိုတော့အတည်မပြုနိုင်သေးပါဘူး” ဟု မုံရွာနတ်ဆိုးအဖွဲ့တာဝန်ရှိသူတစ်ဦးက မဇ္စျိမကိုပြောသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာနတ်ဆိုးအထူးကွန်မန်ဒိုအဖွဲ့ နတ်ဆိုးတပ်ရင်း တပ်ခွဲ(၃) ကနောင်မင်းသားကြီး ၊ နတ်ဆိုးတပ်ရင်း တပ်ခွဲ(၄) နောင်ရိုးတပ်ခွဲနှင့် မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး ၎င်းတို့ဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းဆိုသည်။

ဖေဖော်ဝါရီလ ၁၀ ရက် ညနေ ၆နာရီ ၃၀ မိနစ်ဝန်းကျင်ကလည်း အိမ်စီးကားဖြင့် ဗောဓိတစ်ထောင်မှ ပြန်လာသည့် စစ်ကောင်စီစစ်ကြောင်းအား မြို့ရှောင်လမ်းအရောက်တွင် ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly