ပုဂံတွင် ပြည်တွင်းခရီးသွားများ စည်းကမ်းမဲ့ အမှိုက်မပစ်ရန်တိုက်တွန်း

ပုဂံတွင် ပြည်တွင်းခရီးသွားများ စည်းကမ်းမဲ့ အမှိုက်မပစ်ရန်တိုက်တွန်း
ဓာတ်ပုံ -မျိုးသူအောင်

ရန်ကုန်၊ မတ် ၁၇ ။          ။ ပုဂံဒေသတွင်းလာရောက်ကြသည့် ပြည်တွင်းခရီးသွားများအနေဖြင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကြောင့် သာယာလှပမှုကို ထိခိုက်နေသည့်အတွက် အမှိုက်စနစ်တကျ စွန့်ပစ်ကြရန် ဒေသတွင်း အဖွဲ့အစည်းများက တိုက်တွန်းပြောကြား လိုက်သည်။

ပုဂံယဉ်ကျေးမှုဇုံအပါအဝင် ပုဂံဒေသအတွင်းသို့ လာရောက်လည်ပတ်ကြသည့် ပြည်တွင်း ခရီးသွားများအနေ ဖြင့် ပလတ်စတစ်များ၊ ရေသန့်ဘူးခွံများ အပါအဝင် အမှိုက်များကို စည်းကမ်းမဲ့ စွန်ပစ်နေမှုကြောင်း ပုဂံဒေသ ပလတ်စတစ် ကန်ပိန်းအဖွဲ့ ခေါင်းဆောင် ဦးတင့်ဆွေက မဇ္ဈိမကို ပြောသည်။

" ကျွန်တော်တို့ အမှိုက်ပုံးတွေကို နေရာတိုင်းမှာ ချပေးထားတာ ရှိတယ်။ ပလတ်စတစ်ပုံးတွေ နောက်ပြီးတော့ ဝါးနဲ့ ယက်ထားတဲ့ အမှိုက်ခြင်းတောင်းတွေ၊ ဒါတွေက ဘုရားတွေအနားမှာလည်းရှိတယ်။ သို့သော် သူတို့က ဘာ လည်းဆိုတော့ ကားပေါ်မှာစားတယ်၊တခါတလေ ဘုရားနားမှာ ကားလေးရပ်ပြီးတော့ စားကြသောက်ကြ တယ်။ ကားပေါ်ကနေ ပစ်နေကြတာ။ ဖော့ဗူးခွံတွေ၊ အချိုရေဗှုးခွံတွေ၊ ပလတ်စတစ် အိတ်ခွံတွေ ကြုံသလို ပစ် နေတာ"ဟု ဦးတင့်ဆွေက ပြောသည်။

လက်ရှိတွင် ပလတ်စတစ်ကန်ပိန်းအဖွဲ့အနေဖြင့် အဖွဲ့ဝင် ၁၀၀ ဝန်းကျင်နှင့် အပတ်စဉ် စနေနေ့တိုင်း အမှိုက် ကောက်ခြင်း၊ ပေါင်းမျက်များရှင်းလင်းခြင်းတို့ကို လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။

" ရှေ့ကရှင်း နောက်ကအမှိုက်တွေကလာနဲ့ အောင်တော့ အောင်မြင်ပါတယ်။ ဒါပေမယ့် ခုထိတော့ ထိထိရောက်ရောက်တော့ မရှိသေးဘူး။ ထိထိရောက်ရောက် ဖြစ်ဖို့ ဘယ်သူတွေက ဘာလုပ်ပေးသင့်လည်း ဆိုတော့ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနအနေနဲ့ မြန်မာ ခရီးသွားတွေကို သတိပေးသင့်တာပေါ့နော်" ဟု ပုဂံ ရှေး ဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးသန်းဌေးက ပြောသည်။

ပုဂံဒေသအတွင်း အမှိုက်စည်းကမ်းမဲ့ စွန့်ပစ်နေမှုများ ပပျောက်သွားရန်အတွက် လာရောက် လည် ပတ်ကြသည့် ဘုရားဖူးကားများအား မြို့ဝင်ဂိတ်များတွင် လက်ကမ်းစာစောင်ဝေခြင်း၊ အမှိုက်ထည့်ရန် ပလတ် စတစ်အိပ်အကြီးများဝေငှခြင်း၊ စတစ်ကာများကပ်ခြင်း တို့ကိုလည်း လုပ်ဆောင်နေကြောင်းရှိ သိရသည်။

ပြည်တွင်း ခရီးသွားလုပ်ငန်းကုမ္ပဏီများနှင့် တွေ့ဆုံကာ ပုဂံဒေသအတွင်း အမှိုက်စနစ်တကျစွန့် ပစ်ကြ ရန်အတွက် ညှိနှိုင်းမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပလတ်စတစ် ကန်ပိန်းအဖွဲ့ထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly