ရှေးဟောင်း သရဖူလက်ဝတ်ရတနာများအား ကမ္ဘောဒီးယားထံ ဗြိတိန် ပြန်လည်ပေးပို့ 

ရှေးဟောင်း သရဖူလက်ဝတ်ရတနာများအား ကမ္ဘောဒီးယားထံ ဗြိတိန် ပြန်လည်ပေးပို့ 

ကမ္ဘောဒီးယားနိုင်ငံမှ ခိုးယူသွားပြီး တော်တော်များများမှာ ပြည်သူများ မည်သည့်အခါကမျှ မတွေ့မမြင်ဘူးသည့် အန်ကောခေတ် သရဖူလက်ဝတ်ရတနာ ဒါဇင်များစွာအား လန်ဒန်တွင် တွေ့မြင်ရရှိပြီးနောက် ကမ္ဘောဒီးယားနိုင်ငံဆီ ပြန်လည်ပေးပို့ကြောင်း ကမ္ဘောဒီးယား ယဉ်ကျေးမှု ဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြောသည်။ 

အရှေ့တောင်အာရှတွင် ခမာမင်းများ အင်အားကြီးထွားချိန် အေဒီ ကိုးရာစုနှင့် ၁၄ ရာစုကြား အုပ်စိုးခဲ့သော အန်ကောခေတ်အတွင်းက သရဖူများ၊ လည်ဆွဲများ၊ ချပ်ဝတ်တန်ဆာများနှင့် အခြားသော လက်ဝတ်ရတနာများစွာကို ပြန်လည်ပေးပို့ခြင်း ဖြစ်သည်။ 

ဗြိတိသျှ ရှေးဟောင်းပစ္စည်း ဝယ်ရောင်းသူ ဒေါက်ကလပ် လက်ရှ်ဖို့ဒ် မိသားစုထံမှ ရှေးဟောင်း လက်ဝတ်ရတနာ ၇၇ ခုကို ကမ္ဘောဒီးယား တာဝန်ရှိသူများက လက်ခံရရှိခဲ့ခြင်းဖြစ်သည်ဟု ဝန်ကြီးဌာနက ဆိုသည်။ 

လက်ရှ်ဖို့ဒ်သည် အနုပညာပစ္စည်း မှောင်ခိုကူးမှုဖြင့် အမေရိကန်၌ တရားရင်ဆိုင်နေရချိန် ၂၀၂၀ ခုနှစ်က ကွယ်လွန်ခဲ့ခြင်းဖြစ်ကာ ၎င်း စုဆောင်းထားသော ခမာရှေးဟောင်းပစ္စည်းများကို ကမ္ဘောဒီးယားသို့ ပြန်လည်ပေးပို့ရန် ယင်းနှစ်မှာပင် ၎င်း၏ မိသားစုနှင့် သဘောတူညီချက် ရရှိခဲ့ခြင်း ဖြစ်သည်။ 

သောကြာနေ့က ကမ္ဘောဒီးယားသို့ ပြန်လည်ရောက်ရှိလာသည့် အဆိုပါ ရှေးဟောင်းပစ္စည်းများတွင် အန်ကောခေတ် မတိုင်ခင်နှင့် အန်ကောခေတ်က ရွှေနှင့် အခြား တန်ဖိုးရှိ သတ္တုများဖြင့် ပြုလုပ်ထားသော သရဖူများ၊ လည်ဆွဲများ၊ ဘယက်များ၊ ခါးပတ်များ၊ နားတောင်းများနှင့် ချပ်ဝတ်တန်ဆာများ ပါဝင်သည်ဟု ဝန်ကြီးဌာနက ပြောသည်။ 

၁၉၇၀ ခုနှစ်များက ကမ္ဘောဒီးယားတွင် ပြည်တွင်းစစ် ဖြစ်ပွားပြီး ခမာနီအစိုးရက လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ချိန်၌ ရှေးဟောင်းပစ္စည်း ထောင်ပေါင်းများစွာသည် ထိုင်းနှင့် ဟောင်ကောင်တို့က ဝယ်ရောင်းများမှတစ်ဆင့် လုယူခံရခြင်း၊ ရောင်းချခံရခြင်းများဖြင့် ဥရောပနှင့် အမေရိကန်ရှိ ချမ်းသာသော စုဆောင်းသူများနှင့် ပြတိုက်များသို့ ရောက်ရှိခဲ့သည်။ 

မကြာသေးသောနှစ်များ၌ အဆိုပါ ရှေးဟောင်းပစ္စည်းများကို ပြန်ပို့ရေးအတွက် အမေရိကန် အစိုးရရှေ့နေများက လုပ်ဆောင်လာလျက် ရှိသည်။ 

၂၀၂၁ ခုနှစ်တွင် ကမ္ဘောဒီးယားသည် ပျောက်ဆုံးနေသော ကျောက်နှင့် ကြေး ရှေးဟောင်းပစ္စည်း ငါးခုကို လက်ရှ်ဖို့ဒ် မိသားစုထံမှ ပြန်လည်လက်ခံရရှိသည်။ 

လွန်ခဲ့သော နှစ် ၁,၀၀၀ ကျော်က သွန်းလုပ်ထားသည့် ဗုဒ္ဓဘုရားနှင့် ဟိန္ဒူနတ်ဘုရားများ၏  ကြေးနှင့် ကျောက် ရုပ်တုများအပါအဝင် ခိုးယူခံရသော ရှေးဟောင်းပစ္စည်း ၃၀ ကို ပြီးခဲ့သည့်နှစ်က အမေရိကန်သည် ကမ္ဘောဒီးယားသို့ ပြန်လည်ပေးပို့ခဲ့သည်။ 

ပြည်တွင်းစစ် ဆယ်စုနှစ်များစွာကို ဖြတ်သန်းခဲ့ရသည့် ကမ္ဘောဒီးယား ပြည်သူများ၏ ပြန်လည်ပေါင်းစည်းရေးနှင့် ကုစားရေးတို့တွင် ပါဝင်ပြီး နိုင်ငံဆီသို့ ခိုးယူခံရသော ရှေးဟောင်းပစ္စည်းများ ပြန်လည်ပေးပို့သည့် ကမ္ဘာအနှံ့က လူပုဂ္ဂိုလ်များနှင့် ပြတိုက်များကို ကျေးဇူးတင်ကြောင်း ယဉ်ကျေးမှုဝန်ကြီး ဆတ်ခိုနာက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly