ကလေးမြို့တွင် စစ်ဆေးရေးဂိတ် အနီးကပ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၄ ဦး သေဆုံး

By ပါခွီး
21 February 2023
ကလေးမြို့တွင် စစ်ဆေးရေးဂိတ် အနီးကပ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၄ ဦး သေဆုံး

မဇ္စျိမ။ ။စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မြို့လှရပ်ကွက် စစ်ဆေးရေးဂိတ်ကို အနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားလေးဦးသေဆုံးခဲ့ကြောင်း ကလေးမြို့ မြို့ပြစီမံချက် UG အဖွဲ့က ထုတ်ပြန်ကြေညာ ထားသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ၆ နာရီက မြို့လှရပ်ကွက် (၁၂) မြို့ပတ်လမ်းမပေါ်တွင် ဂိတ်စောင့်နေ သော အစောင့်သုံးဦးအား စနိုက်ပါ၊ မောင်းပြန်များဖြင့် မီတာ ၁၂၀ အကွာခန့်မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ယင်းသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားသုံးဦးလုံးသေဆုံးသွားပြီး ပစ်ခတ်သံကြောင့် ရပ်ကွက် အတွင်းတပ်စွဲထားသည့်နေရာမှ ခြောက်ဦးရောက်ရှိလာသဖြင့် ဆက်လက်ပစ်ခတ်ရာ တစ်ဦးထပ်မံသေ ဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ပြောက်ကျား စစ်ဆင်ရေးလုပ်ခဲ့တာပါ၊ ပုံမှန်အားဖြင့်တော့ အင်အား ၂၀ လောက်ရှိတတ်တယ်၊ ကျနော် တို့ပစ်တဲ့အချိန်မှာ သုံးယောက်ပဲရှိနေတာ။ အဲဒီဂိတ်က အဓိကအားဖြင့် လမ်းသွားလမ်းလာတွေကို စစ်ဆေးတာနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ ချထားတာပါ” ဟု ကလေးမြို့ မြို့ပြစီမံချက် UG အဖွဲ့ ဦးဆောင်သူ ကိုရန်မင်းနိုင်က မဇ္စျိမကိုပြောသည်။

ယင်းသို့ပစ်ခတ်တိုက်ခိုက်နေချိန် မြို့လှရပ်ကွက်အတွင်း နှစ်ထပ်အိမ်တစ်အိမ်၌တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၅၀ ခန့်ရောက်ရှိလာပြီး ပစ်ခတ်သဖြင့် ၎င်းတို့တပ်ဖွဲ့ဝင်များ ဆုတ်ခွာခဲ့ရ ကြောင်း ဆိုသည်။

စစ်အာဏာရှင်အဖွဲ့ကို ၂၀၂၃ ခုနှစ်မကုန်ခင် အမြစ်ပြတ်ချေမှုန်း တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မိဘ ပြည်သူများကို အသိပေးလိုကြောင်း အဖွဲ့ဦးဆောင်သူက ပြောသည်။

မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့များ၊ ရဲ ၊ ပျူစောထီးများ သွားလာလှုပ်ရှားရာနေရာများ၊ ၎င်းအဖွဲ့များ နေထိုင်အခြေချရာနေရာများ၊ ၎င်းတို့ ယာဉ်တန်းများရှိရာနေရာများတွင် အသွားအလာ ဆင်ခြင်ကြရန် ကလေးမြို့ မြို့ပြစီမံချက် UG အဖွဲ့က ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ရက်စွဲဖြင့် တိုက် တွန်းနိုးဆော်ထားသည်။

၎င်းတို့တပ်ဖွဲ့အနေဖြင့် အချိန်နှင့်တပြေးညီ စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ထောက်တိုင်များအား ရှင်းလင်း သွားမည်ဖြစ်သဖြင့် သတိပေးချက်အား မလိုက်နာမှုကြောင့်ဖြစ်ပေါ်လာမည့် မည်သည့်ပြဿနာကိုမဆို တာဝန်ယူသွားမည် မဟုတ်ကြောင်း ကလေးမြို့ မြို့ပြစီမံချက် UG အဖွဲ့ မှ သတိပေးထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required