ရုံးတင်စစ်ဆေးမှုမပြုလုပ်ရသည့် ဖမ်းဆီးခံ တရုတ်သတင်းထောက် အရေးပေါ်ဆေးကုသမှုခံယူရန် လိုအပ်နေ 

By The Guardian
21 February 2023
ရုံးတင်စစ်ဆေးမှုမပြုလုပ်ရသည့် ဖမ်းဆီးခံ တရုတ်သတင်းထောက် အရေးပေါ်ဆေးကုသမှုခံယူရန် လိုအပ်နေ 

တရုတ်နိုင်ငံတွင် ၁၈ လနီးပါး ရုံးတင်စစ်ဆေးခြင်းမပြုလုပ်ရဘဲ အကျဉ်းချခံနေရသော တက်ကြွလှုပ်ရှားသူ တရုတ်သတင်းထောက်တစ်ဦးသည် အရေးပေါ်ဆေးကုသမှုခံယူရန် လိုအပ်နေကြောင်း ရှေ့နေများက ပြောကြားသည်။

သတင်းထောက် ဟွမ်ရွှေ့ချင်နှင့် အလုပ်သမားအခွင့်အရေးတက်ကြွလှုပ်ရှားသူ ဝမ်ကျားဘင်တို့သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ထိန်းသိမ်းခံရကာ ၁ လအကြာတွင် တရားဝင်ဖမ်းဆီးခံခဲ့ရသည်။ ၎င်းတို့သည် နိုင်ငံတော်အာဏာကို အဖျက်အမှောင့်လုပ်ရာတွင် လှုံ့ဆော်သည်ဟု စွပ်စွဲခံထားရပြီး မိသားစု သို့မဟုတ် ရှေ့နေများနှင့် တွေ့ခွင့်မရဘဲ ကွမ်ကျိုးတွင် ထိန်းသိမ်းထားခံထားရသည်။

ဟွမ်ရွှေ့ချင်နှင့် ဝမ်ကျားဘင်တို့ကို ဖမ်းဆီးခြင်း မပြုသင့်ကြောင်း ရှေ့နေများနှင့် လူ့အခွင့်အရေးအဖွဲ့များက ပြောကြားခဲ့သည်။ အထူးသဖြင့် ဟွမ်၏ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်စရာကောင်းကြောင်း ကြားသိရသည်ဟု  ရှေ့နေများက သီတင်းပတ်တွင် ပြောကြားခဲ့သည်။ 
“ဆေးကုသမှု ချက်ချင်းမခံယူဘူးဆိုရင် ဒီအခြေအနေက ခန္ဓာကိုယ်ကို ရာသက်ပန်ပျက်စီးမှုတွေ ဖြစ်စေနိုင်တဲ့ အလားအလာရှိလို့ အရမ်းစိုးရိမ်ရပါတယ်” ဟု ၎င်းတို့က ပြောကြားခဲ့သည်။

တရုတ်အာဏာပိုင်များသည် ဟွမ်အား ညအချိန်တွင် စစ်ဆေးမေးမြန်းမှုများ အကြိမ်ကြိမ် ပြုလုပ်ကာ အိပ်ရေးပျက်စေခြင်းဖြင့် ဟွမ်ကို  စိတ်ပိုင်းဆိုင်ရာ ဖိအားပေးပြီး ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုများလည်း ကျုးလွန်နေကြောင်း ရှေ့နေများက စွပ်စွဲထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကွမ်ကျိုး အမှတ် ၂ ထိန်းသိမ်းရေးစခန်းသို့ The Guardian မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဝန်ထမ်းတစ်ဦးက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

ဟွမ်သည် အလွတ်သတင်းထောက်တစ်ဦးဖြစ်ပြီး တရုတ်နိုင်ငံ #MeToo လှုပ်ရှားမှုတွင် ထင်ရှားသူ ဖြစ်သည်။  ဟွမ်နှင့်ဝမ်တို့သည် ဆပ်ဆက်တက္ကသိုလ်၌ မဟာတန်းတက်ရန် တရုတ်နိုင်ငံမှ ဗြိတိန်သို့ မထွက်ခွာမီ ဝမ်၏ အိမ်တွင် ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။ ထို့နောက် နောက်ပိုင်း ရက်သတ္တပတ်များတွင် လုံခြုံရေးအရာရှိများက ဟွမ်နှင့်ဝမ်တို့၏ မိတ်ဆွေများနှင့် အဆက်အသွယ် ဒါဇင်ပေါင်းများစွာကို စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ခဲ့၍ အမေရိကန်အခြေစိုက် တရုတ်လူ့အခွင့်အရေးကာကွယ်သူများအဖွဲ့က ယင်းလုပ်ရပ်အား နှောင့်ယှက်မှုနှင့် စစ်ကြောမေးမြန်းမှုအဖြစ် ဖော်ပြခဲ့သည်။ 

“အာဏာပိုင်တွေက စစ်ဆေးမေးမြန်းခံရသူတွေရဲ့ စမတ်ဖုန်းတွေကို စုံစမ်းစစ်ဆေးဖို့ အချက်အလက်တွေကို ထုတ်ယူပြီး ဟွမ်နဲ့ဝမ်တို့ဟာ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးဖို့ ဝမ်ရဲ့ တိုက်ခန်းမှာ စုဝေးပွဲလုပ်ခဲ့ကြတယ်ဆိုတဲ့ လုပ်ကြံသက်သေခံချက်တွေကို လက်မှတ်ရေးထိုးဖို့ မေးမြန်းခံရသူတွေကို ဖိအားပေးခဲ့ပါတယ်” ဟု တရုတ်လူ့အခွင့်အရေးကာကွယ်သူများအဖွဲ့က ပြောကြားခဲ့သည်။

ဟွမ်၏ နောက်ဆုံးရသတင်းမှာ စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း အဖွဲ့အစည်းမှ သုတေသီတစ်ဦးဖြစ်သူ ဝီလျံနီးက ပြောသည်။ “သူမကို ဖမ်းဆီးထိန်းသိမ်းတာမျိုး မလုပ်သင့်ပါဘူး။ ခုချိန်မှာ သူမကို လွှတ်ပေးဖို့ တရုတ်အစိုးရကို အရေးတကြီး ထပ်လောင်းတောင်းဆိုပါတယ်” ဟု နီက ပြောကြားခဲ့သည်။

ရှီကျင့်ဖျင် အုပ်ချုပ်သော တရုတ်နိုင်ငံတွင် ပိုမိုဆိုးဝါးလားသော အာဏာရှင်ဆန်သည့်ဝန်းကျင်၌ လူ့အခွင့်အရေးအဖွဲ့များ၊ တက်ကြွလှုပ်ရှားသူများ၊ ရှေ့နေများနှင့် ဆန္ဒပြသူများသည် အာဏာပိုင်များ၏ ပစ်မှတ်ထားခံရမှုကို ပိုမိုကြုံတွေ့လာရပြီး ထိန်းသိမ်းမှု၊ ဖမ်းဆီးမှု၊ စစ်ဆေးမေးမြန်းမှုများနှင့် ပြစ်ဒဏ်ချမှတ်မှုများအပေါ် စိုးရိမ်မှုများ မြင့်တက်လာသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly