ကဘူးလ်မြို့ရှိ အိုင်အက်စ်အဖွဲ့ ခိုအောင်းရာနေရာကို တာလီဘန်တို့ ဝင်ရောက်စီးနင်း

By Firstpost
20 February 2023
ကဘူးလ်မြို့ရှိ အိုင်အက်စ်အဖွဲ့ ခိုအောင်းရာနေရာကို တာလီဘန်တို့ ဝင်ရောက်စီးနင်း

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် ညဘက် စစ်ဆင်ရေးတစ်ခုအတွင်း တာလီဘန်တပ်ဖွဲ့ဝင်များသည် အစ္စလာမ္မစ်နိုင်ငံတော်-ခိုရာဆန်ပြည်နယ် (ISKP) အဖွဲ့မှ စစ်သွေးကြွ ၃ ဦးကို သုတ်သင်ရှင်းလင်းလိုက်သည်။
အဆိုပါ စစ်ဆင်ရေးကို အာဖဂန်တာလီဘန် ထောက်လှမ်းရေးအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ကဘူးလ်မြို့တွင် မကြာသေးမီက တိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့သည့် အိုင်အက်စ် (IS) စစ်သွေးကြွများကို ပစ်မှတ်ထားပြီး လူနေအဆောက်အအုံတစ်ခုအား စီးနင်းတိုက်ခိုက်ခဲ့ကြောင်း တာလီဘန်အရာရှိများကို ကိုးကား၍ AP သတင်းဌာနက ဖော်ပြခဲ့သည်။

ကဘူးလ်မြို့၊ ကာတီနော်ရပ်ကွက်ရှိ အဆိုပါ အဆောက်အအုံသည် အိုင်အက်စ်များ ခိုအောင်းသည့် အရေးပါသောနေရာဖြစ်ကြောင်း အာဖဂန်နစ္စတန်ရှိ တာလီဘန်အစိုးရ၏ ထောက်လှမ်းရေးဆိုင်ရာ အထွေထွေညွှန်ကြားရေးမှူး၏ ပြောရေးဆိုခွင့်ရှိသူ ခါလီဟမ်ရက်ဇ်က ပြောကြားခဲ့သည်။

“စစ်ဆင်ရေးအတွင်း လက်နက်ခဲယမ်းတွေနဲ့ စစ်လက်နက်ပစ္စည်းတွေကို တပ်ဖွဲ့ဝင်တွေက သိမ်းဆည်းရမိခဲ့ပါတယ်။ အိုင်အက်စ်အဖွဲ့ဝင် ၃ ဦး သေဆုံးပြီး စစ်သွေးကြွ ၁ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်” ဟု ခါလီက ပြောသည်။

အိုက်အက်စ်အဖွဲ့က တာလီဘန်အစိုးရ၏ ပြောဆိုချက်အပေါ် တုံ့ပြန်ခြင်းမရှိသေးပေ။
အာဖဂန်နစ္စတန်ရှိ အိုက်အက်စ်အဖွဲ့၏ အဖွဲ့ခွဲဖြစ်သော အစ္စလာမ္မစ်နိုင်ငံတော်-ခိုရာဆန်ပြည်နယ် (ISKP) သည် အာဖဂန်တာလီဘန်တို့၏ အဓိက လက်ကျန် ပြိုင်ဘက်များအနက် တစ်ဖွဲ့ဖြစ်သည်။

တာလီဘန်က ၂၀၂၁ ခုနှစ်၊ သြဂုတ်လတွင် အာဖဂန်နစ္စတန်ကို သိမ်းပိုက်ပြီးနောက် အစ္စလာမ္မစ်နိုင်ငံတော်-ခိုရာဆန်ပြည်နယ် (ISKP) အဖွဲ့သည် အာဖဂန်နစ္စတန်တွင် တိုက်ခိုက်မှုများကို အရှိန်မြှင့် လုပ်ဆောင်လာခဲ့သည်။ 

အစ္စလာမ္မစ်နိုင်ငံတော်-ခိုရာဆန်ပြည်နယ် (ISKP) အဖွဲ့၏ ပစ်မှတ်ထား တိုက်ခိုက်မှုများတွင် တာလီဘန်များနှင့် ဟာဇာရာတိုင်းရင်းသားများကဲ့သို့ အာဖဂန်နစ္စတန်ရှိ ရှီးယိုက်လူနည်းစုများ ပါဝင်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly