ယင်းမာပင်မြို့နယ် နဘူးတောကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး

By လွှမ်းမိုး(မဇ္ဈိမ)
20 February 2023
ယင်းမာပင်မြို့နယ် နဘူးတောကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ပျူစောထီးဆိုသူများ အများစုနေထိုင်ကြသည့် ဘန့်ဘွေး ကျေးရွာမှထွက်ခွာလာသော စစ်ကောင်စီတပ်သားများကို ကာကွယ်ရေးတပ်ဖွဲ့များက နဘူးတောကျေး ရွာအနီးတွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က လက်နက်ငယ်များဖြင့် အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Golden Triangle Force တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း Golden Triangle Force တပ်ဖွဲ့မှတာဝန်ရှိသူ ကိုမင်းခေါင်ကပြော သည်။

“စစ်သားတွေလာမယ့်လမ်းကို ကျနော်တို့ ကင်းပုန်းဝပ်ပြီး စောင့်နေခဲ့တာ။ အချိန်အတော်ကြာ ပစ်ခတ်မှု ဖြစ်ပွားတာမရှိလို့ ယာယီစခန်းဆောက်ပြီး တစ်ညနားပါတယ်။ ယာယီစခန်းကို စစ်တပ်ဘက်က ပစ်မှတ် ထားပြီးလာဝိုင်းတယ်လို့ တန်ပြန်သတင်းရတဲ့အတွက် သေသေချာချာပြင်ဆင်ပြီး တိုက်ပွဲဖော်ဆောင်ခဲ့ တာဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ တိုက်ခိုက်မှုကို Golden Triangle Force တပ်ရင်း နှင့် နယ်မြေခံ မဟာမိတ်အဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘန့်ဘွေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အင်းပတ်ရွာနှင့် နဘူးတောကျေးရွာများကို မကြာခဏ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများပြုလုပ်လေ့ရှိသည်ဟု Golden Triangle Force တပ်ဖွဲ့မှ တာဝန်ရှိသူ က ပြောသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly