မုဒုံကန်ကြီးတွင် ရေဆင်းကူးရာမှ သားအဖ ၂ ဦး ရေနစ်သေဆုံး

မုဒုံကန်ကြီးတွင် ရေဆင်းကူးရာမှ သားအဖ ၂ ဦး ရေနစ်သေဆုံး

မွန်ပြည်နယ်၊ မုဒုံမြို့ရှိ မုဒုံကန်ကြီးတွင် ဖေဖော်ဝါရီလ ၁၈ ရက် ညနေ ၅ နာရီဝန်းကျင်အချိန်က သားအဖနှစ်ဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မုဒုံအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့ (MERT) ထံမှ သိရသည်။
“သူတို့က ပုံမှန် ရေလာကူးနေကြ။ အဲ့ဒီနေ့က သားက ပထမရေနစ်တယ်။ သားရေနစ်နေတဲ့အချိန်မှာ အဖေက ဆင်းဆယ်တာ။ သွားကယ်ရင်းနဲ့ သားအဖနှစ်ယောက်စလုံး ရေနစ်သွားတာ” ဟု မုဒုံအရေးပေါ် လူမှုကယ်ဆယ်ရေးအဖွဲ့(MERT) တာဝန်ရှိသူက မဇ္ဈိမ ကိုပြောသည်။
သေဆုံးသွားသည့်သားအဖနှစ်ဦးမှာ မုဒုံမြို့၊ ကုက္ကိုတန်းရပ်ကွက်၊ ဇီဇဝါလမ်းတွင်နေထိုင်သူ အသက် ၅၃ နှစ် အရွယ် ဦးရွှေမြင့်နှင့် သားဖြစ်သူ အသက် ၁၂ အရွယ် မောင်သိန်းထူးဇော်တို့ဖြစ်ကြောင်း သိရသည်။
“ဖိနပ်နဲ့စက်ဘီးတွေကျန်နေတယ်။ ပုံမှန်ရေကူးနေတဲ့လူနှစ်ယောက် ပျောက်နေတယ်လို့ ပတ်ဝန်းကျင် ကအကြောင်းကြားလို့ ကျနော်တို့ သွားရှာတာ။ ၅ နာရီ ၁၅ မိနစ်လောက်မှာ ပြန်ရှာတွေ့တယ်။ ပြန်တွေ့ တော့ အဖေဖြစ်သူက ကမ်းပေါ်ရောက်တာနဲ့ ဆုံးနေပြီ။ သားဖြစ်သူကတော့ အသက်ငွေ့ငွေ့လေး ကျန်နေ သေးလို့ လုပ်နိုင်သမျှလုပ်ပေးပေမယ့် ဆေးရုံမရောက်ခင် လမ်းမှာပဲ ဆုံးသွားပါတယ်” ဟု အဖွဲ့-MERT တာဝန်ရှိသူက ပြောသည်။ 

စာတည်း။    ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly