ရှင်ကျန်းအုပ်ချုပ်ရေးမှူးကို လူသတ်သမားဟု ဗြိတိန်အမတ် စွပ်စွဲ

By The Guardian
18 February 2023
ရှင်ကျန်းအုပ်ချုပ်ရေးမှူးကို လူသတ်သမားဟု ဗြိတိန်အမတ် စွပ်စွဲ

ဗြိတိန်ကွန်ဆာဗေးတစ်အမတ် အီယန်ဒွန်ကန်စမစ်သည် တရုတ်ရှင်ကျန်းပြည်နယ်အုပ်ချုပ်ရေးမှူး၏ ဗြိတိန်ခရီးစဉ်ကို ကန့်ကွက်သည့် ဝီဂါတက်ကြွလှုပ်ရှားသူများ၏ ဆန္ဒပြပွဲတွင် ပူးပေါင်းပါဝင်ခဲ့ပြီး ရှင်ကျန်းအုပ်ချုပ်ရေးမှူးသည် လူသတ်သမားဖြစ်ကြောင်း စွပ်စွဲပြောဆိုလိုက်သည်။

ရှင်ကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ အာကင်တူနီယက်ဇ်သည် ဗြိတိန်အရာရှိများနှင့် တွေ့ဆုံနိုင်သည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေးရုံး (FCDO) အပြင်ဘက်တွင် ဆန္ဒပြသူများ စုဝေးခဲ့ကြသည်။ 

တရုတ်သည် ရှင်ကျန်းပြည်နယ်တွင် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေကြောင်း ကုလသမဂ္ဂက စွပ်စွဲထားပြီး ဝီဂါနှင့် အခြားတိုင်းရင်းသား လူနည်းစု ၁ သန်းကျော်ကို စခန်းများတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ယုံကြည်ထားသည်။ တရုတ်နိုင်ငံသည် ရှင်ကျန်းမှ အမျိုးသမီးများကို အတင်းအကျပ် သားကြောဖြတ်ခြင်းများလည်း ပြုလုပ်ကြောင်း စွပ်စွဲခံထားရသည်။

“လူသတ်ကောင်နဲ့ မတွေ့ဆုံချင်ဘူး၊ အစိုးရက ဒါကို ထည့်တွက်ရမယ်” ဟု တူနီယက်ဇ်က ဆန္ဒပြသူတွေကို ပြောကြားခဲ့သည်။
“တရုတ်က သူ့လုပ်ရပ်တွေကို ရပ်တန့်ပြီး ဝီဂါတွေဖြစ်တဲ့ ရှင်ကျန်းပြည်သူတွေရဲ့ ရပိုင်ခွင့်တွေ၊ အခွင့်အရေးတွေေနဲ့ လွတ်လပ်ခွင့်တွေကို ပြန်မပေးမချင်း ဆွေးနွေးညှိနှိုင်းစရာ အကြောင်းမရှိဘူး” ဟု ၎င်းက ဆိုသည်။

နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေးရုံး(FCDO)သို့ စာမပို့မီ ဆန္ဒပြသူများသည် "ဝီဂါများကို လွတ်မြောက်ခွင့်ပေး၊ ဝီဂါများကို လူမျိုးတုံးသတ်ဖြတ်မှု ချက်ချင်းရပ်" ဟူသော စာတန်းများကို ကိုင်ဆောင်ကာ ဝက်စ်မင်စတာရှိ FCDO ရုံးချုပ် အပြင်ဘက်တွင် စုဝေးခဲ့ကြသည်။

ရှင်ကျန်းရှိ ဝီဂါမွတ်စလင်များနှင့် အခြားလူနည်းစုများသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ရာဇဝတ်မှုများ ကျူးလွန်ခံနေကြရကြောင်း ၂၀၂၁ ခုနှစ်တွင် လွှတ်တော်အမတ်များက နှောင်ကြိုးမရှိသော အဆိုတစ်ရပ်ကို အတည်ပြုခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly