'ဘာစီလိုနာမှာ ပြန်ကစားဖို့ မဖြစ်နိုင်ဘူး' - မက်ဆီရဲ့ဖခင်

'ဘာစီလိုနာမှာ ပြန်ကစားဖို့ မဖြစ်နိုင်ဘူး' - မက်ဆီရဲ့ဖခင်

လီယွန်နယ် မက်ဆီရဲ့ ဖခင်နဲ့ အေဂျင့်လည်းဖြစ်သူ ဂျော့ခ်ျမက်ဆီက သူ့သားဟာ ဘာစီလိုနာအသင်းမှာ ပြန်လည် ကစားဖို့ မဖြစ်နိုင်ဘူးလို့ ကြာသပတေးနေ့က ပြောပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီကစားသမားဟာ လာလီဂါရဲ့ ဘဏ္ဍာရေးမျှခြေ စည်းမျဉ်းတွေကြောင့် ကတ်တလန်ကလပ်နဲ့ စာချုပ်သက်တမ်းတိုးနိုင်ခြင်းမရှိဘဲ ၂၀၂၁ နွေရာသီမှာ ပဲရစ်စိန့်ဂျာမိန်းကို ပြောင်းရွှေ့ခဲ့တာပါ။

"ကျနော် မထင်ပါဘူး၊ အခြေအနေတွေက အတော်လေးကို ကွဲခြားနေတယ်"လို့ ဂျော့ခ်ျမက်ဆီက ဘာစီလိုနာလေဆိပ်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဘာစီလိုနာအသင်းဥက္ကဌ ဂျိုအန်လာပေါ်တာနဲ့ စာချုပ်အတွက် ပြောဆိုခဲ့ခြင်းမရှိကြောင်းနဲ့ မက်ဆီဟာ "ပဲရစ်စိန့်ဂျာမိန်းနဲ့ စာချုပ်ရှိနေတယ်"လို့ ပြောပါတယ်။

ပီအက်စ်ဂျီနဲ့ မက်ဆီတို့ရဲ့ စာချုပ်ဟာ နွေရာသီမှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ စာချုပ်သစ် သဘောတူညီမှုမရသေးပါဘူး။

သူ့သားကို ဘာစီလိုနာအသင်းမှာ ပြန်ကစားစေချင်လားလို့ မေးမြန်းတဲ့အခါမှာတော့ ဂျော့ဂ်ျ မက်ဆီက “ဘဝက အပြောင်းလဲ များပါတယ်။"လို့ ပြောပါတယ်။

ဒီဇင်ဘာလက ကမ္ဘာ့ဖလားဆွတ်ခူးရရှိခဲ့တဲ့ အာဂျင်တီးနားတိုက်စစ်မှူးဟာ အသက် ၁၃ နှစ်အရွယ်မှာတင် ဘာစီလိုနာနဲ့ ပူးပေါင်းခဲ့ပြီး ကလပ်ဂန္ထဝင်တစ်ဦးဖြစ်လာခဲ့ပါတယ်။

မက်ဆီဟာ ဘာစီလိုနာနဲ့အတူ ဆုဖလားပေါင်း ၃၅ လုံးရရှိခဲ့ပြီး ပြိုင်ပွဲစုံ ၇၇၈ ပွဲကစားကာ ၆၇၂ ဂိုး စံချိန်တင် သွင်းယူနိုင်ခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly