အရပ်သားသမ္မတကို တိုင်းရင်းသားအဖွဲ့တွေ ကြိုဆို

အရပ်သားသမ္မတကို တိုင်းရင်းသားအဖွဲ့တွေ ကြိုဆို
(ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)

ရန်ကုန် (Myanmar Now) - အရပ်သားစစ်စစ် ဦးဆောင်မယ့်  လာမယ့်အစိုးရအဖွဲ့သစ်ဟာ တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးကို ပိုမိုဦးဆောင်နိုင်စွမ်းရှိလာမယ်လို့ ယုံကြည်ပြီး ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်း တိုင်းရင်းသားအဖွဲ့ အများအပြားက ပြောကြပါတယ်။

သမ္မတအသစ်ဖြစ်လာမယ့် ဦးထင်ကျော်ဟာ ပြည်သူ့ကိုယ်စားလှယ်တွေက မဲပေး ရွေးချယ် လိုက်သူဖြစ်တဲ့အပြင် အနိုင်ရပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အားကိုးယုံကြည်စွာနဲ့ ရွေးချယ် တင်မြှောက်လိုက်သူဖြစ်တဲ့အတွက် လေးစား၊ အသိအမှတ်ပြုတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO) ရဲ့ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

“နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတ မဟုတ်တာတောင်မှ သမ္မတနဲ့ စိတ်တူ ကိုယ်တူ အလုပ်လုပ်နိုင်မှာဖြစ်တဲ့အတွက် ဒီမိုကရေစီ အကူးအပြောင်းကတော့ အောင်မြင်မယ်လို့ ယုံကြည်တယ်” လို့ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ PNLO ခေါင်းဆောင်က ပြောပါတယ်။

နှစ်ပေါင်း ၅ဝကျော်အတွင်း အရပ်သားပညာတတ်တစ်ယောက်  ဦးဆောင်မယ့် အစိုးရဟာ တိုင်းရင်းသားတွေ အစဉ်တစိုက် တောင်းဆိုနေတဲ့ တန်းတူညီမျှရေး၊ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင် စု တည်ဆောက်ရေးတို့ကို စေတနာမှန်မှန်နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ မျှော်လင့်ကြောင်း ရခိုင်အမျိုး သားအဖွဲ့ချုပ်(ULA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။ ULA ဟာ မကြာသေးခင် လတွေ အတွင်း ရခိုင်ဒေသမှာ တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့  ရက္ခိုင့်တပ်မတော်ရဲ့ နိုင်ငံရေးဦးဆောင် မှုအဖွဲ့ ဖြစ်ပါတယ်။

တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ ပြောရေးဆို ခွင့်ရှိသူ မိုင်အိုက် ကျော်ကလည်း တိုင်းရင်းသားဒေသတွင်းမှာ ဖြစ်နေတဲ့ နိုင်ငံရေး၊ စစ်ရေးပြဿနာတွေကို ဖြေရှင်း မယ့် ဘယ်သူ့ကိုမဆို ကြိုဆိုတယ်လို့ ပြောပါတယ်။ ဦးထင်ကျော်ကို လူထုဆန္ဒ အကောင်အထည် ဖော်မယ့်၊ လူထုမျှော်လင့်ထားတဲ့ သမ္မတမျိုးဖြစ်စေချင်တယ်လို့ သူက ဆိုပါတယ်။အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ TNLA အဖွဲ့ဟာ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသမှာ တပ်မတော်နဲ့ တိုက်ပွဲ အကြိမ်ကြိမ် ဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲတွေကြောင့် ဒေသခံ ထောင်နဲ့ချီ တိမ်းရှောင်နေကြရပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ နည်းပညာအကြံပေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက တော့ ပေါ်ပေါက်လာမယ့်အစိုးရအဖွဲ့သစ်ဟာ ပူးပေါင်းဆောင်ရွက်ရေးကို ပုံဖော် ကြိုးစားရမယ်လို့ အကြံပြုပါတယ်။ “ဦးထင်ကျော် သမ္မတအနေနဲ့ တက်လာတာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အားကောင်းကောင်းနဲ့ မျှော်မှန်းချက်တွေကို လုပ်ဆောင်နိုင်မယ့် အနေအထားလို့ ယူဆတယ်” လို့ ဦးဒေါင်ခါးက ဆိုပါတယ်။

အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားပြီးဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ပဒိုမန်းငြိမ်းမောင်ကတော့ သမ္မတသစ်ဖြစ်လာမယ့် ဦးထင်ကျော်ရဲ့ လုပ်ဆောင်မှုကို ဘာမှမတွေ့ ရသေး၊ တိုင်းပြည်အတွက် ဘာမှ ထူးထူးခြားခြားမရှိသေးတာကြောင့် ပြုပြင်ပြောင်းလဲရေးကို တပ်မ တော်နဲ့ လက်တွဲပြီး ဘယ်လောက်လုပ်နိုင်မလဲဆိုတာကို ပြောရမှာ အချိန်စောနေသေးတယ်လို့ သုံးသပ်ပါတယ်။ “ကျွန်တော်တို့ နောက်ကြောင်းပြန်မသွားချင်ပါဘူး။ အခုလက်ရှိမှာ အပစ်ရပ် လက်မှတ်ထိုးထားတာက ၈ ဖွဲ့၊ ကျန်ခဲ့တဲ့အဖွဲ့ တွေကတော့ နောက်အစိုးရရဲ့ တာဝန်ပေါ့” လို့ သူက ဆိုပါတယ်။

အပစ်ရပ်လက်မှတ်ထိုးခြင်းမရှိသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အစိုးရသစ် လက်ထက်မှာ ဘယ်လောက်ထိ စည်းရုံးနိုင်မယ်ဆိုတာကို စိတ်ဝင်စားနေသူတွေထဲမှာ ပဒိုမန်းငြိမ်းမောင်လည်း ပါဝင်ပါတယ်။ “ဒေါ်စုကလည်း တိုင်းပြည်ရဲ့ တစ်လက်မမှမကျန်အောင် ငြိမ်းချမ်းရေးလုပ် မယ်လို့ ကြွေးကြော်ထားတယ်မဟုတ်လား။ အဲ့ဒါ ဟုတ်မဟုတ် စောင့်ကြည့်ရုံပေါ့။ သူကလည်း သမ္မတ တွေရဲ့ အထက်မှာ ရှိမယ်ဆိုတော့ ကြည့်ကြသေးတာပေါ့” လို့ ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

ကချင်ဒေသတွင်းမှာ ဖြစ်ပွားနေတဲ့ တရားမျှတမှုမရှိတဲ့ ကိစ္စတွေကို ဖြေရှင်းပေးစေလို တဲ့  ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ရဲ့ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာ ဆမ်ဆွန်ကတော့ သမ္မတသစ်ဦးထင်ကျော်အစိုးရလက်ထက်မြန်မာ့နိုင်ငံရေး အခြေအနေမှာလည်း စစ်တပ်ရဲ့ လွှမ်းမိုးမှုက အများကြီးရှိနေဦးမယ်လို့ သုံးသပ်ပါတယ်။

ငြိမ်းချမ်းရေး၊ ကချင်ဆရာမနှစ်ဦး မုဒိန်းကျင့်သတ်ဖြတ်ခံရမှု၊ မူးယစ်ဆေးဝါး၊ စစ်ဘေးဒုက္ခ သည်များ နေရပ်ပြန်ရေး စတဲ့ ကချင်ဒေသပြဿနာများဟာ အရေးကြီးသလို အခြေခံဥပဒေ ပြင်ဆင်ဖို့ကလည်း အဓိကကျတယ်၊ အစိုးရသစ်လက်ထက်မှာ အခြေခံဥပဒေကို ဘယ်လောက်အထိ ပြင်ဆင်နိုင်မလဲ ဆိုတဲ့ အချက်က စိတ်ဝင်စားစရာကောင်းတယ်လို့ သူက ဆိုပါတယ်။

ကချင်ပြည်နယ်ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတတာဝန် ယူခွင့်မရတဲ့ အခြေအနေမှာ ဦးထင်ကျော်ကို ရွေးချယ်ခဲ့တာဟာ အကောင်းဆုံး ရွေးချယ်မှု တစ်ခုလို့ ယူဆပါတယ်။ ဒုသမ္မတတစ်ဦးအဖြစ် ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူကို ရွေးချယ်ခြင်းဟာလည်း တိုင်းရင်းသားတွေကို အလေးထားတယ်ဆိုတဲ့ သဘောကိုဖော်ပြတာ ဖြစ်တယ်လို့ ပြော ပါတယ်။

ဦးထင်ကျော်ကတော့ သူ သမ္မတသစ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရတာ ပြည်သူတွေရဲ့ အောင်ပွဲ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်ပွဲဖြစ်တယ်လို့ မတ်လ ၁၆ ရက်နေ့ ပြည်ထောင်စု လွှတ်တော်ကအပြန်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။“အားလုံးကို ကျေးဇူးတင်ပါ တယ်။ ပြည်သူတွေ ရွေးချယ်ခဲ့တာပါ။ ပြည်သူတွေရဲ့ စေတနာ မေတ္တာနဲ့ သမ္မတ ဖြစ်တာပါ” လို့ ဦးထင်ကျော်က ဆိုပါတယ်။

စီစဉ်ထားတဲ့အတိုင်းဆိုရင် သမ္မတတာဝန်လွှဲပြောင်းမှုကို မတ်လ ၃ဝ ရက်နေ့ ပြည်ထောင်စု လွှတ်တော်မှာ ကျင်းပမှာပါ။ လက်ရှိသမ္မတ ဦးသိန်းစိန်ကတော့ သမ္မတသစ်ကျမ်းသစ္စာ ကျိန်ဆိုပွဲကို မတက်ဖူးလို့ ဆိုထားပြီး သမ္မတအိမ်တော်မှာ ပြုလုပ်မယ့် ညစာစားပွဲကိုတော့ တက်ရောက်မယ်လို့ NLD ပါတီ တာဝန်ရှိသူတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင် ဆန်းစုကြည်တို့ရဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပေါ်ပေါက်ခဲ့သလို  အစိုးရဝန်ကြီးတချို့နဲ့ NLD ရဲ့ ထိပ်တန်း ခေါင်းဆောင်တွေ တွေ့ဆုံပြီး ဧပြီလဆန်း အစိုးရသစ် လုပ်ငန်းတွေ အစပြုနိုင်ဖို့အတွက် အာဏာလွဲှ ပြောင်းရေးဆိုင်ရာတွေကို ညှိနှိုင်း ဆွေးနွေးခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly