ပုလဲမြို့နယ်မှာ စစ်ကြောင်းထိုးပြီး ပြည်သူပိုင်ပစ္စည်းတွေ ယူဆောင်သွားကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ (ရုပ်သံ)

ပုလဲမြို့နယ်မှာ စစ်ကြောင်းထိုးပြီး ပြည်သူပိုင်ပစ္စည်းတွေ ယူဆောင်သွားကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ (ရုပ်သံ)

မဇ္ဈိမ။    ။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့ကာ ပြည်သူပိုင်ပစ္စည်းတွေယူဆောင်နေသလို ထိတွေ့တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မဇ္ဈိမ ကိုပြောပါတယ်။ 

ပျူစောထီးတွေပါဝင်တဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က အင်ကြင်းစုကျေးရွာက ပြည်သူပိုင်ပစ္စည်းတွေကို လှည်းနဲ့တိုက်ပြီး အင်းမထီးကျေးရွာကို ယူဆောင်သွားကြပါတယ်။

အင်းမထီးကျေးရွာကို ရောက်နေတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တာဝေးပစ် လက်နက်တွေနဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ညမှာ ပစ်ခတ်တာတွေပြုလုပ်နေတယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း (၁၉) Pale Jokers PDFကပြောပါတယ်။

ပျူစောထီးနဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ဖေဖော်ဝါရီ ၁၆ ရက်နေ့က အင်မထီးပျူစောထီးစခန်းကနေ ထွက်ခွာလာပြီး  ကိုင်းတွင်းကျေးရွာက လူနေအိမ် သုံးလုံးကို မီးရှို့ဖျက်ဆီးခဲ့သလို ရွာက နွား ငါးကောင်၊ လှည်းနှစ်စီးအပြင် ပြည်သူပိုင်ပစ္စည်းတွေကို လှည်း ၁၅ စီးလောက်နဲ့ ခိုးယူသွားခဲ့တယ်လို့ ပုလဲသတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း ရေးသားထားပါတယ်။

ကိုင်းတွင်းရွာဟာ တတိယအကြိမ်မြောက် မီးရှို့ခံရတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းကို ပုလဲဒေသခံတော်လှန်ရေး အင်အားစုတွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ သေဆုံးမှုကိုတော့ သိရှိခြင်းမရှိသေးပါဘူး။

စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းဟာ မင်းတိုင်ပင်ရွာကို ရောက်ရှိနေပြီး ပြည်သူပိုင်ပစ္စည်းတွေကို သယ်ဆောင်နေတယ်လို့ မဇ္ဈိမက စုံစမ်းသိရှိရပါတယ်။

ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ကို ဖေဖော်ဝါရီလ ၂ ရက်နေ့က စစ်အုပ်ချုပ်ရေးမြို့နယ်အဖြစ် ကြေညာခဲ့အပြီး စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းတွေ ပိုမိုဝင်ရောက်လာတယ်လို့ PRA  အဖွဲ့ကလည်း မဇ္ဈိမကိုပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းဟာ ပုလဲမြို့နယ်ထဲက ရွာသာ၊ လိန်ကုန်း၊ ရွာထင်၊ ကြိုးကြားဥ၊ ကံကြီး၊ ဖိုကုန်း၊ ညောင်ကုန်း၊ မွေ့တုံ၊ ကံပေါက်၊လှော်ကား၊ နွယ်ရှောက်၊ ကုက္ကိုကုန်း၊ လက်ပုကန်၊ အင်ကြင်းစုရွာတွေကို ဝင်ရောက်စစ်ကြောင်းထိုး မီးရှို့ခဲ့ပြီး လက်ရှိချိန်ထိ ပြည်သူ တစ်သောင်းခန့် စစ်ဘေးရှောင်နေရပါတယ်။

ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတာနဲ့ပတ်သက်ပြီး ယင်းမာပင်ခရိုင်တပ်ရင်း(၁၉)ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားပါတယ်။

ရုပ်သံတည်းဖြတ် - KMN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly