နွားနောက် အကောင် ၆၀ကျော် လက်ခံရ၍ ပြည်သူများကို ကျေးဇူးတင်ကြောင်း CDF – Kanpetlet ဆို

By ပါခွီး
17 February 2023
နွားနောက် အကောင် ၆၀ကျော် လက်ခံရ၍ ပြည်သူများကို ကျေးဇူးတင်ကြောင်း CDF – Kanpetlet ဆို

မဇ္စျိမ ။။ ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ်အတွင်းရှိပြည်သူများမှ နွားနောက် အကောင်ရေ ၆၀ကျော်လှူဒါန်းသဖြင့် ကျေးဇူးတင်ကြောင်းနှင့် ဆက်လက်ပါဝင်ပေးကြပါရန် ဖိတ်ခေါ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF – Kanpetlet က ဖေဖော်ဝါရီ ၁၇ရက် ယနေ့တွင် ထုတ်ပြန်သည်။

၎င်းတို့တပ်ဖွဲ့ ကြုံတွေ့နေရသော ဘဏ္ဍာရေးအခက်အခဲများအား ဖြေရှင်းနိုင်ရေးအတွက် ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်း၍ ကြုံတွေ့နေရသော စိန်ခေါ်မှုအခက်အခဲများအား ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်လျက်ရှိကြောင်းဆိုသည်။

ပြည်သူများမှလည်း စိတ်အားထန်သန်စွာဖြင့် ငွေကြေးအချို့နှင့် ၎င်းတို့ အမြတ်တနိုး မွေးမြူထားသော ရိုးရာနွားနောက်များ ပေးကမ်းလှူဒါန်းကြရာ အချိန်တိုအတွင်း အကောင်ရေ ၆၀ ကျော် လက်ခံရရှိကြောင်း ဖော်ပြထားသည်။

“ ကျနော်တို့မှာ ရှင်းရှင်းပြောရရင် ဘဏ္ဍာရေးဒေါက်တိုင်မရှိဘူး ၊ အလှူရှင် ကြီးကြီး မားမားမရှိဘူး ၊ နိုင်ငံခြားရောက်တဲ့သူတွေလည်းမများဘူး ၊ ကန်ပက်လက်က ကုန်းတွင်းပိတ် မြို့ငယ်လေးလည်းဖြစ်တော့ လူနေမထူထပ်သလို သူဌေးတွေလည်း မရှိပါဘူး၊ တိုက်ပွဲမှာ ကုန်တဲ့ ကျည်ဖိုးရယ် ပျက်စီးသွားတဲ့ လက်နက်တွေ ဖြည့်တင်းနိုင်ရေး အလွန်ခက်ခဲပါတယ်” ဟု CDF – Kanpetlet တာဝန်ရှိသူတစ်ဦး က မဇ္စျိမ ကိုပြောသည်။

ပြည်သူများအနေဖြင့် နွားနောက်အကောင်ရေများများ ဆက်လက်လှူဒါန်းနိုင်ရန် မျှော်လင့်လျက်ရှိပြီး ၎င်းနွားနောက်များကို ရောင်းချပြီး လက်နက်ခဲယမ်းများ ဖြည့်တင်းနိုင်ရေးအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်းဆိုသည်။

အကယ်၍ ၎င်းတို့တပ်ဖွဲ့တွင် လက်နက်ကြီးငယ်နှင့် ကျည်များအလုံအလောက်ရရှိနိုင်ပါက ၂၀၂၃ ခုနှစ်အတွင်း မြို့သိမ်းတိုက်ပွဲ မစ်ရှင်များဖော်ဆောင်နိုင်ရေး ရည်မှန်းထားကြောင်း အဆိုပါတာဝန်ရှိသူမှ ဆက်လက်ပြောဆိုသည်။

ယခုကဲ့သို့ ကန်ပက်လက်ပြည်သူ့အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးအပေါ် ပြည်သူလူထု တစ်ရပ်လုံးမှ ညီညီညွတ်ညွတ် ဖြင့် အရေးတော်ပုံအောင်နိုင်ရေးအတွက် စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင်မှုအပေါ် အတိုင်းမသိဝမ်းမြောက်ဝမ်းသာပြီး ကျေးဇူးအထူးတင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

အဝေးရောက် မိဘပြည်သူများအနေဖြင့် ဆက်လက်၍ လက်တွဲညီညီဖြင့် အရေးတော် ပုံအောင်မြင်သည်အထိ ကန်ပက်လက်(ပအဖ)၊ ကာကွယ်ရေးတပ်ဖွဲ့ နှင့်အတူ လက်တွဲမဖြုတ်စတမ်း ပူးပေါင်းပါဝင်ပေးကြပါရန် ဖိတ်ခေါ်ထားသည်။

ဆက်လက်ပါဝင်ကူညီလိုသော မိဘပြည်သူများအနေဖြင့် ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် CDF – Kanpetlet တို့၏ လူမှုကွန်ရက်များမှ တစ်ဆင့် ဆက်သွယ်ပါဝင်ပေးကြပါရန် အသိပေးထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly