ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးဆိုသူများရှိသည့်နေရာသို့ ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်

By ဂျူနို
17 February 2023
ပေါက်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးဆိုသူများရှိသည့်နေရာသို့ ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်

(မဇ္ဈိမ)။   ။မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရွှေဘုံသာရွာရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးအဖွဲ့များရှိရာ နေရာကို  PDF တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း Pakokku Revolution Front အဖွဲ့ထံက သိရသည်။

"သူတို့တွေ(စစ်ကောက်စီတပ်ဖွဲ့နှင့် ပျူစောထီးအဖွဲ့)က ရွာစည်းရိုးနားမှာ ဘန်ကာတစ်ခုနဲ့ တစ်ခုကြားကို ဆက်သွယ်ရေးမြောင်းတူးထားပါတယ်။ အဲ့ဒီမြောင်းဘေးမှာ တဲရှိတယ်။ တဲတွေကို ကျနော်တို့ဝင်ပစ်တာ။ ဘန်ကာနှစ်ခုက ကျနော်တို့ကိုပြန်ပစ်လို့ ကျနော်တို့ပြန်ပြေးလာရတယ်"ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ရဲဘော်လွန်းညီက မဇ္ဈိမကို ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ပြည်သူ့တော်လှန်ရေးတပ်ဦး ၊ ပခုက္ကူလှုပ်ရှားစစ်ဒေသ ၊ ပခုက္ကူတော်လှန်ရေးတပ်ဦး၏ Bravo Squad နှင့် Black  ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များက  ပူးပေါင်း၍ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းမဟာမိတ်တပ်ဖွဲ့မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရ၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

ထိုသို့ပြန်လည်ဆုတ်ခွာရာသို့ လိုက်လံပစ်ခတ်သော စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများသည် ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ ထောင်ထားသော မိုင်းနင်းမိ၍ အများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း Pakokku Revolution Front အဖွဲ့ကဆိုသည်။

''နေ့လယ် ၁၁ နာရီလောက်မှာ ရွာရဲ့တစ်ဖက်ကနေပြီး ကျွန်တော်တို့ မဟာမိတ်တပ်ဖွဲ့က ရန်သူအလစ်အငိုက်မှာ ဝင်ရောက် ပစ်ခတ်တယ်။ ထိခိုက်မှုဖြစ်ထားတဲ့ ကျွန်တော်တို့ဘက်က ရဲဘော်ကတော့ အခုလက်ရှိ ဆေးကုသနေရဆဲပါ''ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ရဲဘော်လွန်းညီက မဇ္ဈိမကို ပြောသည်။

ထိုသို့ PDF တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်နေစဉ် အခြားကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကလည်း ယင်းနေ့ နေ့မွန်းလွဲ ၁နာရီအချိန်ခန့်တွင် ပျူစောထီးခေါင်းဆောင်၏ နေအိမ်၊ လက်နက်တိုက် အပါအဝင် စစ်ကောင်စီတပ်သားများရှိရာ နေရာများသို့  ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ပျူစောထီးခေါင်းဆောင်၏ နေအိမ်နှင့် လက်နက်တိုက် ထိခိုက်ပျက်စီးခဲ့ကြောင်း  Pakokku Revolution Front အဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မှုအား ပခုက္ကူတော်လှန်ရေးတပ်ဦး၏ Alpha Squad ၊ Charlie Squad နှင့် မဟာမိတ်တပ်ဖွဲ့များဖြစ်သော ပခုက္ကူခရိုင်တပ်ရင်း(၁၆)၊ တပ်ခွဲ(၁) Pakokku G-Z ၊ ပခုက္ကူခရိုင်တပ်ရင်း(၁၆)၊တပ်ခွဲ(၂) ဗိုလ်မီးခဲအဖွဲ့ ၊ MUGDF အဖွဲ့တို့က ပူးပေါင်း၍ လက်နက်ကြီး၊ Rocket ရှော့ခ်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရွှေဘုံသာရွာရှိ ပျူစောထီးဆိုသူများမှာ ပြီးခဲ့သည့် ဒီဇင်ဘာလက စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးဝင်ရောက်စဉ် စစ်ကြောင်းထိုးခံရသော ရွာငါးရွာကို မီးရှို့ခြင်း၊ လယ်ထဲမှ စပါးများ ယူဆောင်သွားခြင်း၊ ရွာသားများ၏ ဆိုင်ကယ်နှင့် နွားအစရှိသော ပစ္စည်းဥစ္စာများကို ယူဆောင်သွားခြင်းများ ပြုလုပ်ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံက ဆိုသည်။

''ပျူစောထီးတွေက အရင် ရွှေဘုံသာကို နှစ်ကြိမ်၊ သုံးကြိမ်လောက် တိုက်ဖူးတယ် ။ရွာကိုလည်း သိမ်းဖူးတယ် ။အဲ့နောက် သူတို့ရွာထဲပြန်ဝင်တော့ ကတုတ်ကျင်း အခိုင်အမာဆောက်ပြီး စစ်ပြင်တာပဲ။ အင်အားအနေနဲ့က ၁၀၀လောက်တော့ အနည်းဆုံးရှိမယ်။ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးရင်ကို အဲ့ရွာက ပျူ သုံး၊ လေးဆယ်ပါတယ် ''ဟု ၎င်းက ပြောသည်။

ရွှေဘုံသာရွာတွင် အိမ်ခြေ ၂၀၀ ကျော်ရှိပြီး လက်ရှိတွင် ပျူစောထီးများသာကျန်ရှိ၍ ရွာသားအားလုံးနီးပါးက နီးစပ်ရာရွာများသို့ ပြောင်းရွှေ့နေထိုင်ကြရကြောင်း  ပြည်သူ့တော်လှန်ရေးတပ်ဦး ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံထံမှ သိရသည်။

၂၀၂၁ခုနှစ် မေလတွင် ရှမ်းမြောက်ဒေသ၌ စစ်ရေးလေ့ကျင့်မှုသင်တန်းများကို သင်ယူခဲ့ပြီး ဇူလိုင်လတွင် Pakokku Revolution Front အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ကာ စက်တင်ဘာလတွင် သင်တန်းဆင်းပြီးနောက် စစ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ယခု ၂၀၂၃ခုနှစ် ဇူလိုင်လတွင် အဖွဲ့အစည်းတည်ထောင်ခြင်း နှစ်နှစ်ပြည့်မည်ဖြစ်ပြီး စစ်ရေးလှုပ်ရှားမှုအနေဖြင့် လာမည့် အောက်တိုဘာလတွင် နှစ်နှစ်ပြည့်မည်ဖြစ်ကြောင်း အဖွဲ့တာဝန်ခံက ဆိုသည်။

လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနနှင့် မဟာမိတ်ဖွဲ့နိုင်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly