“ သမိုင်းဝင် ရခိုင်ပါတီကြီးတစ်ခုကို ကန်ထုတ်ခြင်း ”

“ သမိုင်းဝင် ရခိုင်ပါတီကြီးတစ်ခုကို ကန်ထုတ်ခြင်း ”

အခုဆိုရင် ရခိုင်အမျိုးသားပါတီ ANP ခေါင်းဆောင်တွေဟာ ပါတီရဲ့ အဆင့်အမြင့်ဆုံး ဗဟိုအလုပ်အမှုဆောင် အဖွဲ့ထဲမှာ ပါဝင်နေတဲ့ ALD ရခိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ၇ ယောက်ထဲက ၆ ယောက်ကို ထုတ်ပယ်လိုက်ပါပြီ။ အဓိပ္ပါယ်ကတော့ ANP ဗဟိုအလုပ်အမှုဆောင် လက်ကျန် ၃၃ ယောက်ထဲမှာ ALD ခေါင်းဆောင် ဦးအေးသာအောင် တစ်ယောက်ပဲ ကျန်တော့တယ် ဆိုတဲ့ သဘောပါ။ ဒါကလည်း သတင်းစာရှင်းလင်းပွဲမှာ ပါခဲ့တယ်ဆိုရင် သူတောင် အထုတ်ခံရနိုင်ပါ တယ်။ ပြောရရင် နှစ်ပါတီ ပေါင်းစည်းထားတယ်ဆိုတဲ့ ANP ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှာ အားလုံး လိုလိုဟာ ဒေါက်တာအေးမောင် ခေါင်းဆောင်တဲ့ RNDP အဖွဲ့က လူတွေချည်းပါပဲ။ ဒါကို ပေါင်းစည်း ထားတဲ့ ပါတီ၊ မကွဲပါဘူးလို့ နာမည်မတတ်ရင်တောင် ပါတီခေါင်းဆောင်မှု အားလုံးကို RNDP က သိမ်းပိုက်လိုက်တယ်ဆိုပြီး နာမည်တပ်လို့တော့ ရပါတယ်။ ဘာကြောင့် ခုလို မြန်မြန်ဆန်ဆန် ကွဲပြား ရတာပါလဲ။ ဘာတွေ ဆက်ဖြစ်လာနိုင်မလဲဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

တကယ်တော့ ပါတီနှစ်ခု ပေါင်းစည်းစဉ်တုန်းကတော့ နှစ်ဖက် အရည်အတွက်တူ ပေါင်းစည်းခဲ့ တာကနေ အစပြုပါတယ်။ ဒါပေမယ့် နှစ်ဖက် အရည်အတွက်တူ ခေါင်းဆောင်တွေ ဦးဆောင်တဲ့ ကာလကို ကာလတစ်ခုအထိ အချိန်မယူပဲ ပေါင်းစည်းလိုက်တာကြောင့် အသစ် ဖွဲ့စည်းလိုက်တဲ့ ANP ပါတီထဲမှာ ဒေါက်တာအေးမောင် ဦးဆောင်တဲ့ RNDP အဖွဲ့က လူတွေက အများစု ဖြစ်လာပါတယ်။ ဒါကလည်း သဘာဝ ကျပါတယ်။

ပါတီနှစ်ခု သမိုင်းကြောင်းကို ပြန်ကြည့်လိုက်တဲ့အခါ ဦးအေးသာအောင် ဦးဆောင်တဲ့ ALD ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ ပါတီဖြစ်ပါတယ်။ အဲဒီအချိန်ကစ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ခိုင်မြဲတဲ့ မဟာမိတ်ဖြစ်ခဲ့ပြီး အင်န်အယ်လ်ဒီနဲ့ ၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီတွေ ပေါင်းထားတဲ့ UNA ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ် တပ်ပေါင်းစု မှာလည်း ဦးအေးသာအောင်ဟာ ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ၁၉၉၀ ကနေ ၂၀၁၀ ခုနှစ်အထိ နှစ်ပေါင်း ၂၀ ကာလဟာ ဒေါ်အောင် ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီကို စစ်အစိုးရက ရက်ရက်စက်စက် ဖိနှိပ်တဲ့ကာလ ဖြစ်ခဲ့ပါတယ်။ အလားတူ အင်န်အယ်လ်ဒီ နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ အခြားတိုင်းရင်းသားတွေလည်း ရက်ရက်စက်စက် ဖိနှိပ်ခံခဲ့ရပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဦးခွန်ထွန်းဦးဆိုရင် ထောင်ဒါဏ် နှစ်ရာနဲ့ချီ ချမှတ်တာ ခံရပါတယ်။ အလားတူ ဦးအေးသာအောင်နဲ့ ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လည်း အကြီးအကျယ် ဖိနှိပ်တာ ခံကြရတာပါပဲ။

၂၀၁၀ ရောက်တဲ့အခါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ အရ စစ်အာဏာရှင်တွေက ရွေးကောက်ပွဲ လုပ်ပေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ရွေးကောက်ပွဲ မဝင်ပါဘူး။ အလားတူ အခြားမဟာမိတ် တိုင်းရင်းသားပါတီတွေကလည်း ရွေးကောက်ပွဲ မဝင်ပါဘူး။ အဲဒီအထဲမှာ အင်န်အယ်လ်ဒီနဲ့ လက်တွဲ ခိုင်မြဲခဲ့တဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ရွေးကောက်ပွဲ မဝင်ပဲ သပိတ် မှောက်ခဲ့ပါတယ်။ ဒီလို အခြေအနေအောက်မှာ ဒေါက်တာအေးမောင် ခေါင်းဆောင်တဲ့ ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီ RNDP ဆိုတာ ပေါ်ပေါက်လာရတာပါ။ တရားဝင် လှုပ်ရှားခွင့်ရှိတဲ့ ပါတီ ဖြစ်တဲ့အတွက် နိုင်ငံရေးလုပ်လိုတဲ့ ရခိုင်တိုင်းရင်းသားတွေ RNDP ထဲ ပူးပေါင်း ပါဝင်လာကြပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ စစ်အာဏာရှင်စနစ်ကို မကြိုက်တဲ့ ရခိုင်တိုင်းရင်းသားတွေဟာ RNDP ကို မဲအများအပြား ပေးခဲ့ကြပါတယ်။ ဒီလိုနဲ့ RNDP တွေ အမတ်ဖြစ်၊ တစ်ချို့ ပြည်နယ် အစိုးရ အဖွဲ့ဝင်ဖြစ် ဒေါက်တာ အေးမောင်ဆိုရင် ဒုသမ္မတအလောင်း အလျာတောင် ဖြစ်လိုက်ပါသေးတယ်။

၂၀၁၀ ကနေ ၂၀၁၅ ငါးနှစ်တာကာလ ကိုကြည့်ရင် RNDP ဟာ တရားဝင် ပါတီဖြစ်တာ ကြောင့် ပါတီစည်းရုံးရေး လုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ခဲ့ပါတယ်။ ပါတီဝင်သစ် အများ အပြား သိမ်းသွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဦးအေးသာအောင် ဦးဆောင်တဲ့ ALD ပါတီကတော့ မြေအောက်ပါတီပဲ ဆက်ဖြစ်နေသေးပြီး ပါတီစည်းရုံးရေး လုပ်ငန်းတွေလည်း ကောင်းကောင်းလုပ်လို့ ရခဲ့တာ မဟုတ်ပါဘူး။ ဖိနှိပ်မှုတွေကို ဆက်တိုက် ခံနေရဆဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပဖို့ ဖြစ်လာတဲ့အခါ ရခိုင်တိုင်းရင်းသားထု တစ်ရပ်လုံးက ရခိုင်နှစ်ပါတီ ပေါင်းစည်းဖို့ လိုလား တာကြောင့်၊ ပေါင်းစည်းဖို့ တောင်းဆိုတာကြောင့် ပါတီချင်း ပေါင်းစည်းဖို့ဆိုတာ ဖြစ်လာရတာပါ။

တကယ်တော့ မြေအောက်မှာ လှုပ်ရှားခဲ့ရတဲ့ ပါတီနဲ့ ပေါ်ပေါ်တင်တင် လှုပ်ရှားစည်းရုံးနိုင်တဲ့ ပါတီ၊ ပါတီနှစ်ခု ပေါင်းစည်းရာမှာ ခေါင်းဆောင်မှုအသစ် မြန်မြန်ဆန်ဆန် ရွေးချယ်တင်မြှောက်တဲ့ စနစ် လုပ်ခဲ့တာက ပေါင်းစည်းမှု အမှားကြီးပါ။ ဗဟိုအလုပ်အမှုဆောင်တွေ၊ ဗဟိုကော်မတီတွေ ပြန်လည် ရွေးကောက်တင်မြှောက်ပွဲ လုပ်ပြီဆိုတာနဲ့ စည်းရုံးရေးရှိပြီးသား ပါတီကလူတွေ အများစု နေရာရမယ် ဆိုတာ ရိုးရှင်းပါတယ်။ အဲလို အခြေအနေကနေ ခုလို များရာအင်အားနဲ့ ပါတီဟောင်း၊ သမိုင်းဝင် ပါတီက လူတွေ၊ စွန့်လွှတ် အနစ်နာခံခဲ့တဲ့ လူတွေကို ပါတီ စည်းကမ်းချိုးဖေါက်တယ်ဆိုပြီး လွယ်လွယ်ကူကူ ထုတ်ပယ်ပစ်လိုက်တဲ့ အဆင့်ထိ ဖြစ်ခဲ့တာပါ။ အုပ်စု နှစ်ခု ပေါင်းထားတဲ့ ပါတီကြီး တစ်ခုကို အုပ်စုတစ်ခုက အပိုင်စီး သိမ်းပိုက်လိုက်တဲ့ လုပ်ရပ်လို့ ဆိုရင်လည်း မမှားပါဘူး။

တကယ်တော့ ပါတီနှစ်ခု ပေါင်းစည်းစဉ် ကတည်းက နှစ်ဖက်ပါတီ အရည်အတွက်တူ ခေါင်းဆောင်တွေနဲ့ ဦးဆောင်အဖွဲ့တစ်ခု ဖွဲ့ပြီး သုံးလေးနှစ်တန်သည် ကာလတစ်ခု သွားနိုင်ခဲ့ရင် အခုလို ပြဿနာမျိုး ဖြစ်ချင်မှ ဖြစ်မှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ရခိုင်တိုင်းရင်းသားတွေ မျှော်လင့်ထားခဲ့တဲ့ နှစ်ပါတီပေါင်းထားတဲ့ စည်းလုံးညီညွတ်တဲ့ ပါတီဟာ အုပ်စုတစ်ခုရဲ့ လက်ထဲ ရောက်သွားပါပြီ။ သမိုင်း ဝင် ပါတီကြီးတစ်ခုကို ပါတီကြီးထဲကနေ ကန်ထုတ်လိုက်ပါပြီ။ ဒီလုပ်ရပ်ဟာ ရခိုင်တိုင်းရင်းသားတွေကို အကျိုးဖြစ်ထွန်းစေမှာ မဟုတ်သလို၊ ရခိုင်ပြည်နယ်ကိုလည်း ကောင်းကျိုးဖြစ်စေမှာ မဟုတ်ပါဘူး။ အလားတူ မြန်မာ့နိုင်ငံရေး ရှေ့ကိုသွားရာ လမ်းခရီးမှာလည်း ကောင်းတဲ့ ဂယက်ရိုက်ခတ်မှုတွေ ဖြစ်ပေါ်လာစေမှာ မဟုတ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly