ရေစကြိုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်

By MTO (မဇ္ဈိမ)
17 February 2023
ရေစကြိုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်

မကွေးတိုင်း ရေစကြိုမြို့နယ် အမှတ် (၂၅၈) တပ်ရင်းမှ ကံသစ်ကျေးရွာတောင်ဘက်သို့ ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖေဖော်ဝါရီလ ၁၆ရက်နေ့ နေ့လယ်ပိုင်းတွင် ဒရုန်းဖြင့် အီနာဂါဗုံးသီး  နှစ်လုံးချ၍ တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများရှိနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၎င်းက “ (၂၅၈) ထဲက လာတဲ့ စစ်ကောင်စီတပ်သား အင်အား ၃၀လောက် နဲ့ လူကြီးလမ်းကြောင်းရှိလို့ ကံသစ်ရွာကိုလာပြီးတော့ ကင်းပုန်းလာဝပ်ကြတာကို ကျတော်တို့ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာ ထိတာတော့ ထိတယ် အသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်တယ် “ ဟုပြောသည်။

အမှတ် (၂၅၈) တပ်ရင်းမှ ကံကြီးတောင်ရွာဘက်သို့ ဒုတိယအကြိမ်ကင်းပုန်းလာဝပ်ခြင်းဖြစ်ပြီး ပထမအကြိမ် ကင်းပုန်းလာဝပ်ချိန်ကလည်း ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြကြောင်း ရေစကြို ပကဖ မှ တာဝန်ရှိသူက ပြောသည်။

“ အဲ့နေရာကို ကင်းပုန်းဝပ်တာ ဒါဒုတိယအကြိမ်ဝပ်တာ ပထမအကြိမ်တုန်းကလည်း ဒရုန်းနဲ့ တိုက်ခိုက်ခဲ့သေးတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်များသည် လက်ရှိအချိန်တွင် ရေစကြိုမြို့ပေါ်၌ ကာကွယ်ရေးတပ်ဖွဲ့ များ၏ လှုပ်ရှားမှုကို ထိန်းချုပ်နိုင်ရေးအတွက် အင်အားတိုးမြှင့်ချထားလျက် ရှိကြောင်းသိရသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင်လည်း ရေစကြိုမြို့နယ် အမှတ်( ၁ ) အထက်တန်းကျောင်းရှေ့တွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း ရေစကြို မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required