ပါကစ္စတန်မှ အာဖဂန်နစ္စတန်သို့ နေ့စဉ် ဒေါ်လာငွေသန်းချီ၍  မှောင်ခိုရောင်းချလျက်ရှိ 

By ANI 
17 February 2023
ပါကစ္စတန်မှ အာဖဂန်နစ္စတန်သို့ နေ့စဉ် ဒေါ်လာငွေသန်းချီ၍  မှောင်ခိုရောင်းချလျက်ရှိ 

ပါကစ္စတန်မှ အာဖဂန်နစ္စတန်နိုင်ငံအတွင်းသို့ နေ့စဉ် ဒေါ်လာငွေသန်းပေါင်းများစွာ မှောင်ခိုသွင်း၍ ရောင်းချလျက်ရှိသည်။ 

အမေရိကန်နှင့် ဥရောပတို့က တာလီဘန်အား ဘီလီယံနှင့်ချီသော နိုင်ငံခြားအရန်ငွေများရယူသုံးစွဲခွင့်ကို ပိတ်ပင်ထားခဲ့ပြီးနောက် ယခုကဲ့သို့ ဒေါ်လာမှောင်ခိုကူးခြင်းသည် စီးပွားရေးကို ကျားကန်ရာတွင် အထောက်အကူဖြစ်စေကြောင်း ပါကစ္စတန်အခြေစိုက် The Express Tribune သတင်းစာတွင် ဖော်ပြထားသည်။

ဒေါ်လာများ ပြည်ပသို့ အမြောက်အများစီးထွက်သွားမှုကြောင့် ပါကစ္စတန်နိုင်ငံအတွင်း လျင်မြန်စွာ ဖြစ်ပေါ်လျက်ရှိသော စီးပွားရေးအကျပ်အတည်းကို ပိုမိုဆိုးရွားစေသည်ဟု ပြည်ပမီဒီယာများက ဆိုသည်။

ကုန်သည်များနှင့် မှောင်ခိုသမားများသည် နေ့စဉ် ဒေါ်လာ ၅ သန်းခန့် နယ်စပ်ဖြတ်ကျော် သယ်ဆောင်လျက် ရှိကြောင်း ပါကစ္စတန်ငွေလဲဝန်ဆောင်မှုကုမ္ပဏီများအသင်း၏ အထွေထွေအတွင်းရေးမှူး မူဟာမက် ဇာဖာ ပါရာချာက ဆိုသည်။
အဆိုပါပမာဏသည် အာဖဂန်နစ္စတန်ဗဟိုဘဏ်က စျေးကွက်အတွင်း အပတ်စဉ် ထည့်ဝင်လျက်ရှိသော ဒေါ်လာ ၁၇ သန်းကို ကာမိစေသည်။ တာလီဘန်များသည် ၂၀၂၁ ခုနှစ်တွင် နိုင်ငံကို သိမ်းပိုက်ပြီးနောက် ပိတ်ဆို့အရေးယူမှုများအား ရှောင်တိမ်းနေနိုင်ကြောင်းကို ယင်းကဲ့သို့ တရားမဝင်စီးဆင်းမှုများက ပြသနေသည်ဟု The Express Tribune သတင်းစာက ဖော်ပြခဲ့သည်။

"ငွေကြေး မှောင်ခိုကူးနေကြတယ်ဆိုတာ အသေအချာပါပဲ။ တကယ်တော့ ဒီလို ဒေါ်လာမှောင်ခိုကူးကြတာဟာ တကယ့်ကိုအမြတ်များတဲ့ အလုပ်ပါပဲ" ဟု ပါရာချာက ပြောကြားခဲ့ သည်။

နယ်စပ်မျဉ်း နှစ်ဖက်စလုံးရှိ ငွေလဲလှယ်သူများသည် ကုန်သွယ်မှု အစစ်အမှန်နှင့် အတုအယောင် ၂ မျိုးစလုံးကို ကြိုးကိုင်ခြယ်လှယ်ခြင်းဖြင့် အာဖဂန်နစ္စတန်-ပါကစ္စတန်အကြား အမေရိကန်ဒေါ်လာလက်ဝါးကြီးအုပ်မှုကို အားကောင်းလာစေသည်ဟု အမေရိကန်အခြေစိုက် The Diplomat မဂ္ဂဇင်းက မကြာသေးမီက ဖော်ပြခဲ့သည်။

တရားဝင်လမ်းကြောင်းမှ ဖြတ်သန်းသည့် ကုန်စိမ်းများတင်ဆောင်သော ဟင်းသီးဟင်းရွက် ကုန်တင်ကားများပေါ်တွင် ငွေစက္ကူများကို ဝှက်၍ သယ်လေ့ရှိသည်။ ၎င်းကုန်တင်ကားများသည် အကောက်ခွန်ဌာန၏ စကင်ဖတ်သည့်စက်များကို ရှောင်တိမ်းနိုင်သည်။

အမေရိကန်ဒေါ်များကို လိမ္မော်သီးခြင်းများမှသည် ကွမ်းသီးထုပ်များအထိ စားသောက်ကုန် ပစ္စည်းများဖြင့်ရော၍ ခိုးသွင်းလျက်ရှိသည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly