မန္တလေး ချမ်းအေးသာစံတွင် မီးလောင်မှုဖြစ်၊ အမျိုးသမီး မီးလောင်သေဆုံး

By 007 မန္တလေး(မဇ္စျိမ)
17 February 2023
မန္တလေး ချမ်းအေးသာစံတွင် မီးလောင်မှုဖြစ်၊ အမျိုးသမီး မီးလောင်သေဆုံး

မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်တွင် ယမန်နေ့ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး၊ အသက် ၆၀ကျော် အရွယ်အမျိုးသမီးကြီးတစ်ဦး မီးလောင်သေဆုံးခဲ့သည်။

“အသက် ၆၅ နှစ်အမျိုးသမီးကြီးတစ်ယောက် မီးလောင်သေဆုံးခဲ့တယ်၊ မီးခိုးမွှန်ပြီးသေတယ်လို့ယူဆရတယ်၊ မီးငြှိမ်းသတ်နေရင်း၊ မီးလောင်ပြင်မှာသေဆုံးနေတာကိုတွေ့ခဲ့ရတာပါ၊ လူမှုရေးအသင်းကားနဲ့မန္တလေး ဆေးရုံကြီး ရင်ခွဲရုံပို့လိုက်ပါတယ်” ဟု မီးသတ်တပ်ဖွဲ့၀င်တစ်ဦး ကပြောသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၁၆ ရက် ညနေ ၆ နာရီ ၁၂ မိနစ်အချိန်ခန့်က၊ ချမ်းအေးသာစံမြို့နယ် ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်ကွက် အကွက်(၂၅၅)၊ လမ်း ၃၀ နှင့် လမ်း ၃၀(အေ)လမ်းကြား၊ ၈၉ လမ်းနှင့် လမ်း ၉၀ ကြားရှိ ပျဉ်ထောင်နှစ်ထပ်သွပ်မိုးနေအိမ် တစ်လုံးကနေ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုကို Level 2 အဆင့်ဖြင့်မီးငြှိမ်းသတ်ခဲ့ရကြောင်း၊ ညနေ ၆ နာရီ ၄၀ မိနစ်ခန့်တွင် မီးငြိမ်းသွားကြောင်း သိရပြီး၊ မီးလောင်မှုအကြောင်းရင်းကိုတော့ မသိရသေးပေ။

မီးလောင်မှုကြောင့် မီးစတင်လောင်ကျွမ်းခဲ့သည့်နေအိမ်နှင့်၊ ကပ်လျက်နေအိမ်သုံးလုံး၊ စုစုပေါင်းနေအိမ်လေးလုံး မီးလောင်ဆုံးရှုံးခဲ့ပြီး၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်တစ်ရာ့နှစ်သိန်းနှစ်သောင်းရှစ်ထောင်(၁၀,၂၂၈,၀၀၀)ခန့်ရှိ ကြောင်း တိုင်းမီးသတ်ဦးစီးဌာနနှင့်နီးစပ်သည့်အသိုက်အ၀န်းမှသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly