သရက်မြို့အခြေစိုက် ကပစ(၁၂) ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်

သရက်မြို့အခြေစိုက် ကပစ(၁၂) ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်

မဇ္ဈိမ။ ။စစ်ကောင်စီတပ်၏ စစ်လက်နက်ပစ္စည်းများထုတ်လုပ်သည့် မကွေးတိုင်း သရက်မြို့ရှိ ကပစ(၁၂) တပ်စခန်းကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညပိုင်းတွင် ၉၀ မမ ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုများရှိနိုင်ကြောင်း သရက်ခရိုင် PDF တပ်ရင်း(၄) Eagle Force တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ ၉၀ မမ ရှော့တိုက်ဒုံးနှစ်လုံးနဲ့သွားရောက်ပစ်ခတ်ခဲ့တာ တစ်လုံးကတော့ အောင်မြင်စွာပစ်ခတ်နိုင်ခဲ့ပြီး တစ်လုံးကတော့ Error ဖြစ်သွားတယ်။ ပစ်နိုင်ခဲ့တဲ့တစ်လုံးက ကပစ(၁၂)ထဲက လူပျိုဆောင်အနီးတဝိုက် ကိုကျရောက်ပေါက်ကွဲခဲ့တယ်။

အဆောက်အဦးပျက်စီးမှုတစ်ခုရှိတယ်တော့ကြားတယ် လူထိခိုက်မှုက တော့ စုံစမ်းဆဲပဲဖြစ်တယ်” ဟု ၎င်းကပြောသည်။

တိုက်ခိုက်ခံရပြီးနောက် ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့များသည် အနီးအနား နေရာများကို လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ စစ်ကြောင်းဖြင့်ရှာဖွေခြင်းများပြုလုပ်နေကြောင်း Eagle Force အဖွဲ့မှတာဝန်ရှိသူက ပြောသည်။

“မနက်က ကျနော်ပစ်နိုင်တယ်လို့ထင်တဲ့နေရာတွေကို လက်နက်ကြီးနဲ့ လေး၊ ငါးချက်လောက်ထုပြီး တော့ နေ့လည်ပိုင်းမှာ အင်အား ၄၀၊ ၅၀ လောက်နဲ့ တောနင်းရှာတာတွေရှိတယ်” ဟု ဆိုသည်။

သရက်မြို့ ကပစ ၁၂ တိုက်ခိုက်ခံရခြင်းသည် ယခုအကြိမ်နှင့်ဆို နှစ်ကြိမ်ရှိပြီဖြစ်ပြီး ဖေဖော်ဝါရီလ ၉ ရက် နေ့ကလည်း Eagle Force အဖွဲ့မှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး ခန့်ကျဆုံးခဲ့ကြောင်း Eagle Force အဖွဲ့မှ တာဝန်ရှိသူကပင် ပြောသည်။

“၉ ရက်နေ့ကပစ်ခတ်မှုမှာတော့ သူတို့ဘက်ကလေးယောက်သေတယ်လို့ ကပစနဲ့နီးစပ်တဲ့အသိုင်းအဝိုင်း ကနေသိရတာတော့ရှိတယ်” ဟု ဆိုသည်။

ကပစ ၁၂ တပ်သည် စစ်ကောင်စီတပ်ဖွဲ့တွင်အသုံးပြုသည့် ၄၀ မမ၊ ၆၀ မမ လက်နက်ကြီးများထုတ်လုပ် သည့်တပ်ဖြစ်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly