စစ်ကောင်စီ ပြဋ္ဌာန်းသော နိုင်ငံရေးပါတီများဥပဒေက နိုင်ငံရေးအတိုက်အခံအားလုံးကို ဖိနှိပ်ရန် ရည်ရွယ်ခြင်းဖြစ်ဟု HRW ဝေဖန်

စစ်ကောင်စီ ပြဋ္ဌာန်းသော နိုင်ငံရေးပါတီများဥပဒေက နိုင်ငံရေးအတိုက်အခံအားလုံးကို ဖိနှိပ်ရန် ရည်ရွယ်ခြင်းဖြစ်ဟု HRW ဝေဖန်

အာဏာသိမ်းစစ်ကောင်စီ ပြဋ္ဌာန်းသော နိုင်ငံရေးပါတီများဥပဒေသစ်က အဓိကကျသော နိုင်ငံရေးအတိုက်အခံများကို လာမည့် ရွေးကောက်ပွဲများတွင် ဝင်မပြိုင်နိုင်အောင် အဟန့်အတားဖြစ်စေလိမ့်မည် ဖြစ်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က ပြောသည်။

စစ်ကောင်စီက ဩဂုတ်လတွင် ကျင်းပမည်ဟု အဆိုပြုထားသော ရွေးကောက်ပွဲက အများယုံကြည်လက်ခံနိုင်မှု အလုံးစုံ ကင်းမဲ့နေလိမ့်မည် ဖြစ်ပြီး စစ်တပ် ထိန်းချုပ်မှုကို တရားဝင်ဖြစ်စေရေး ကြိုးပမ်းရန် ယင်းရွေးကောက်ပွဲကို အသုံးချရုံသက်သက်သာ ဖြစ်လိမ့်မည် ဆိုသည့် စိုးရိမ်ပူပန်မှုများကို ၂၀၂၃ ဇန်နဝါရီ ၂၆ ရက်တွင် ကြေညာခဲ့သော ဥပဒေက ပိုဆိုးစေခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့က ပြောသည်။

၂၀၁၀ ဥပဒေကို ရုပ်သိမ်းစေသည့် ယခု နိုင်ငံရေးပါတီမှတ်ပုံတင်မှု ဥပဒေတွင် ယခင်က ပြစ်မှုတစ်ခုအတွက် ပြစ်ဒဏ်ချခံရသူ သို့မဟုတ် ထောင်ဒဏ်ကျခံထားရသူ မည်သူမဆိုကို နိုင်ငံရေးပါတီတစ်ခု၌ ပူးပေါင်းပါဝင်မှုအပေါ် တားမြစ်ထားသည်။

မမှန်မကန် လုပ်ဇာတ်ခင်းထားသည့် စွဲချက်များဖြင့် နှစ်ကာလရှည် ထောင်ဒဏ်ပြစ်ဒဏ်များ ချမှတ်ခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် ပါတီ၏ အကြီးတန်းအဖွဲ့ဝင်အများအပြားကို မြန်မာ့နိုင်ငံရေးထဲ မပါစေအောင် အဆိုပါ ဥပဒေက ပိတ်ပင်တားမြစ်သကဲ့သို့ ဖြစ်စေသည်။ စစ်တပ်သည် ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်တွင် ရွေးကောက်ခံ NLD ဦးဆောင်သော အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့သည်။

“မြန်မာအာဏာသိမ်းစစ်အုပ်စုဟာ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို အကြံအဖန် လုပ်ဖို့အတွက်သာမက၊ စစ်တပ်ထိန်းချုပ်တဲ့ အစိုးရတစ်ရပ်အတွက် တရားဝင်မှု ရစေအောင် ကြိုးစားဖို့အတွက် ဒီ နိုင်ငံရေးပါတီ မှတ်ပုံတင်မှု ဥပဒေကို ပြဋ္ဌာန်းတာဖြစ်တယ်” ဟု HRW မှ မြန်မာသုတေသီ မန်နီမောင်က ပြောသည်။ “နိုင်ငံရေးအတိုက်အခံ အားလုံးအပေါ် နှိပ်ကွပ်ဖို့နဲ့ ဒီမိုကရေစီ အရပ်သားအုပ်ချုပ်မှုဆီ ဖြစ်နိုင်ဖွယ်ရာ ပြန်သွားနိုင်ခြေ မှန်သမျှကို လမ်းလွဲစေဖို့ စနစ်တစ်ခုကို စစ်ကောင်စီက ဖန်တီးနေတာဖြစ်တယ်”

လက်ရှိ ရှိနေသည့် နိုင်ငံရေးပါတီများအနေဖြင့် ဥပဒေ ထုတ်ပြန်ပြီးနောက် ရက် ၆၀ အတွင်း မှတ်ပုံပြန်တင်ရလိမ့်မည် ဖြစ်ပြီး ယင်းသို့ မတင်ပါက ပါတီဖျက်သိမ်းခံရမည်ဖြစ်ကြောင်း ဥပဒေသစ်တွင် ထုတ်ဖော်ထားသလို “လက်ရှိ ရှိရင်းစွဲ ဥပဒေတစ်ခုခုအောက်တွင် တရားမဝင် အဖွဲ့အစည်း သို့မဟုတ် အကြမ်းဖက်အဖွဲ့တစ်ခုအဖြစ် ကြေညာခံထားရသည့် နိုင်ငံရေးအဖွဲ့တိုင်းကို စည်းကမ်းနှင့်မညီဟုဆိုပြီး ပိတ်ပင်ထားသည်။

စစ်ကောင်စီသည် အတိုက်အခံဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ယင်း၏ ပါလီမန်အဖွဲ့ ဖြစ်သော ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီတို့ကို အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်မှုများ လုပ်ဆောင်၍ဟု ဆိုပြီး အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာထားသည်။

ယခု စစ်ကောင်စီ၏ ဥပဒေအရ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်များကို အဆိုပြုရန် ကြိုးစားမည့် နိုင်ငံရေးပါတီအစုအဖွဲ့များအနေဖြင့် မှတ်ပုံတင်ခွင့်ပြုခံရပြီးနောက် ၃ လ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀,၀၀၀ ကို စည်းရုံးရမည်ဟု ပြဋ္ဌာန်းထားသည်ဖြစ်ရာ ယင်းသည် ယခင်ဥပဒေပါ ပါတီဝင် ၁,၀၀၀ ဆိုသည်နှင့်ယှဉ်ပါက များစွာ များပြားနေသလို ပါတီအများစုအတွက် ပိတ်ပင်တားမြစ်သည့် အဟန့်အတားတစ်ခု ဖြစ်သည်။

ထို့ပြင် ယင်းဥပဒေအရ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများအနေဖြင့် မှတ်ပုံတင်မှု ခွင့်ပြုခံရစေရန် ပါတီရန်ပုံငွေအနည်းဆုံး ကျပ် သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၄၇,၀၀၀) ရှိရန် လိုကြောင်း သတ်မှတ်ထားရာ ယင်းက အရွယ်အစားသေးငယ်သော ပါတီအများစု တတ်နိုင်သည့် ပမာဏထက် နှစ်ဆကျော်ခန့် ဖြစ်နေသည်။ အလားတူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း စည်းရုံးမည့် ပါတီများအနေဖြင့် ပါတီရန်ပုံငွေ အနည်းဆုံး ကျပ် ၁၀ သန်း (ဒေါ်လာ ၄,၇၀၀) ရှိရန် လိုအပ်သည်ဟု ယင်းဥပဒေတွင် ဆိုထားသည်။ အဆိုပါ ပြဋ္ဌာန်းချက်များကြောင့် ပိုမိုသေးငယ်သော တိုင်းရင်းသားနှင့် လူနည်းစု ပါတီများအတွက် ရွေးကောက်ပွဲတွင် ပါဝင်ရန် မဖြစ်နိုင်သလောက် ဖြစ်စေလိမ့်မည် ဖြစ်ကြောင်း HRW က ပြောသည်။

NLD ပါတီက ၎င်းတို့အနေဖြင့် စစ်ကောင်စီလက်အောက်တွင် ကျင်းပသည့် မည်သည့်ရွေးကောက်ပွဲကိုမဆို “ခိုင်မာစွာ” ဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် မှတ်ပုံတင်မည် မဟုတ်ကြောင်း တုံ့ပြန်သည်။ ကယားပြည်နယ် ဒီမိုက‌ရက်တစ်ပါတီနှင့် ကယန်းအမျိုးသားပါတီကဲ့သို့ အခြားသော ပါတီငယ်များကလည်း ၎င်းတို့အနေဖြင့် မှတ်ပုံတင်မည် မဟုတ်ကြောင်းနှင့် ယင်းအတွက်ကြောင့် ပါတီဖျက်သိမ်းခံရမှုကို ရင်ဆိုင်မည် ဖြစ်ကြောင်း ပြောသည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် ညီညွတ်သော ဒီမိုကရက်တစ် ပါတီကဲ့သို့ တိုင်းရင်းသားလူနည်းစုပါတီအချို့ကတော့ ၎င်းတို့အနေဖြင့် မှတ်ပုံတင်ရန် အစီအစဉ်ရှိကြောင်း အရိပ်အမြွက်ထုတ်ဖော်သည်။

အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ခုခံတော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) က ၎င်းတို့အနေဖြင့် စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများကို ပျက်ပြားစေရေး လုပ်ဆောင်ရန် မှန်းထားကြောင်းနှင့် မဲစာရင်း ပြုစုရန် အသုံးပြုနိုင်သည့် လူဦးရေစာရင်း ကောက်ခံသော စစ်ကောင်စီ အမှုထမ်းတချို့ကိုလည်း တိုက်ခိုက်ထားခဲ့သည်။ ယင်းအတွက်ကြောင့် ဥပဒေသစ်အောက်တွင် မှတ်ပုံတင်သည့် နိုင်ငံရေးပါတီများမှ အဖွဲ့ဝင်များလည်း ပစ်မှတ်ထားခံရနိုင်သည်ဆိုပြီး စိုးရိမ်ပူပန်မှုများ ထွက်ပေါ်စေသည်။

၂၀၂၃ ဖေဖေါ်ဝါရီ ၁ ရက်တွင် အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတွင် အရေးပေါ်အခြေအနေကြေညာထားမှုကို နောက်ထပ် ခြောက်လသက်တမ်းတိုးခဲ့သည်။ ဖေဖေါ်ဝါရီ ၂ ရက်တွင် စစ်ကောင်စီသည် ချင်း၊ ကရင်၊ ကရင်နီ၊ မကွေး၊ မွန်ပြည်နယ်၊ ပဲခူး၊ စစ်ကိုင်းနှင့် တနင်္သာရီတိုင်းတို့ရှိ နောက်ထပ် မြို့နယ်ပေါင်း ၃၇ ခုတွင် စစ်အုပ်ချုပ်ရေးအမိန့်သစ်များ ကြေညာခဲ့သည်။ ယင်းအမိန့်များအရ ကာဖျူးမိန့်များကို ချမှတ်ပြီး လွတ်လပ်စွာ အသင်းအဖွဲ့ဖွဲ့မှု၊ လွတ်လပ်စွာ လှုပ်ရှားမှုများကို ပိတ်ပင်ထိန်းချုပ်ကာ နိုင်ငံရေးပါတီများ စည်းရုံးမှုအပေါ် ပိတ်ပင်ကန့်သတ်သည်။

နိုင်ငံအပေါ် စစ်တပ်ထိန်းချုပ်မှုကို ဆက်လက်တည်မြဲစေရန် စီစဉ်ဖန်တီးထားသော စစ်တပ်ရေးဆွဲသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ “စစ်မှန်ပြီး၊ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားရေး” အတွက် နိုင်ငံရေးပါတီများကို စည်းရုံးခွင့်ပြုရန် ဥပဒေများထုတ်ပြန်ရမည်ဟု ပြဋ္ဌာန်းသည်။

ဥပဒေသစ်နှင့် ထပ်တိုး စစ်အုပ်ချုပ်ရေးအမိန့်များအောက်တွင် မည်သည့်ရွေးကောက်ပွဲမဆို အာဏာသိမ်းစစ်အုပ်စု ကျောထောက်နောက်ခံပြု နိုင်ငံရေးပါတီများနှင့် စစ်တပ်ကိုယ်တိုင် လွှမ်းမိုးလိမ့်မည်ဖြစ်ပြီး ၂၀၀၈ အခြေခံဥပဒေအရ စစ်တပ်သည် ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်၊တိုင်းဒေသ လွှတ်တော်များတွင် အမတ်နေရာ ၂၅ ရာခိုင်နှုန်းကို ရထားပြီးဖြစ်သည်။

စစ်ကောင်စီ၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်မှု ဥပဒေသည် ရွေးကောက်ပွဲအတွက် ကိုယ်စားပြုရန်နှင့် စည်းရုံးရန် နိုင်ငံရေးပါတီများ၏ အခွင့်အရေးများကို လေးစားလိုက်နာခြင်းဆိုင်ရာ နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီခြင်း မရှိပေ။ နိုင်ငံတကာ ဥပဒေအောက်တွင် မဲဆန္ဒရှင်များသည် ၎င်းတို့၏ ကိုယ်စားလှယ်များကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိရမည်ဖြစ်သည်။ နိုင်ငံရေးပါတီနှင့် ကိုယ်စားလှယ်များ မှတ်ပုံတင်မှုအပေါ် ပြဋ္ဌာန်းသည့် စည်းကမ်းချက်တိုင်းသည် ခွဲခြားဆက်ဆံမှု မရှိဘဲ ယုတ္တိတန်မျှတမှု ရှိရမည်ဖြစ်သည်။

မဲဆန္ဒရှင်များက ၎င်းတို့ ရွေးချယ်တင်မြှောက်လိုသည့် ကိုယ်စားလှယ်များကို လွတ်လပ်စွာ ရွေးချယ်နိုင်မည့် စစ်မှန်သော ဒီမိုကရေစီ ရွေးကောက်ပွဲများ ကျင်းပရေးအတွက် အများယုံကြည်လက်ခံသော၊ မူမတူယှဉ်တွဲမှု လက်ခံသော၊ အခွင့်အရေးကို လေးစားလိုက်နာသော ရွေးကောက်ပွဲစနစ် ဖော်ဆောင်ရန် မုချလိုအပ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်းသော ကန့်သတ်ချက်များ ရှိသော်လည်း  ပြီးခဲ့သည့် ၂၀၂၀ နိုဝင်ဘာတွင် မဲဆန္ဒရှင်များက ၎င်းတို့၏ အစိုးရကို ရွေးချယ်ခွင့်ကို ကျင့်သုံးခဲ့သော်လည်း ယင်းကို စစ်တပ်က အာဏာသိမ်းခြင်းဖြင့် ငြင်းပယ်ခဲ့သည်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံများ၊ ဂျပန်နှင့် အိန္ဒိယတို့ကဲ့သို့ ဒေသတွင်း ပါတနာများအပါအဝင် သက်ဆိုင်ရာ အစိုးရများအနေဖြင့် စစ်ကောင်စီ၏ နိုင်ငံရေးပါတီများ ဥပဒေကို ပြစ်တင်ရှုတ်ချသင့်ပြီး အတုအယောင် ရွေးကောက်ပွဲမှတစ်ဆင့် စစ်တပ် ထိန်းချုပ်မှုကို တရားဝင်ဖြစ်စေရန် စစ်အုပ်စု၏ ကြိုးပမ်းမှုကို ထောက်ခံမှု မပေးသင့်ကြောင်း HRW က ပြောသည်။

ယူကေ၊ အမေရိကန်နှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာအာဏာသိမ်းစစ်အုပ်စု၏ အကြီးတန်းအရာရှိများနှင့် စစ်တပ်လုပ်ငန်းအဖွဲ့အစည်းများအပေါ် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုများကို ပိုမိုအားကောင်း၊ အသက်ဝင်စေရန် အခြားသော စိတ်တူကိုယ်တူ အစိုးရများနှင့် ချိတ်ဆက်ညှိနှိုင်းလုပ်ဆောင်သင့်သည်။

“၂၀၂၀ မှာ ကျင်းပခဲ့တဲ့ အများယုံကြည်လက်ခံတဲ့ ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြတဲ့ မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ၂၀၂၁ စစ်အာဏာသိမ်းမှုက ရိုက်ချိုးပစ်ခဲ့တယ်” ဟု HRW မှ မန်နီမောင်က ပြောသည်။ “သက်ဆိုင်ရာ အစိုးရတွေအနေနဲ့ မြန်မာမှာ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ခံ အရပ်သားအစိုးရတစ်ရပ် အာဏာပြန်ရစေနိုင်ဖို့ အာဏာသိမ်းစစ်ကောင်စီအပေါ် အခိုင်အမာ ဝိုင်းဝန်း ဖိအားပေးဖို့ လိုပါတယ်”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly