ထိုင်းအစိုးရက နိုင်ငံတကာခရီးသွားများထံမှ ခရီးသွားဝင်ကြေး ဘတ် ၃၀၀ ကောက်ခံသွားမည်

ထိုင်းအစိုးရက နိုင်ငံတကာခရီးသွားများထံမှ ခရီးသွားဝင်ကြေး ဘတ် ၃၀၀ ကောက်ခံသွားမည်

ထိုင်းနိုင်ငံသို့ လေကြောင်းမှ လာရောက်သည့် နိုင်ငံတကာခရီးသွားများထံမှ ခရီးသွားဝင်ကြေးအဖြစ် တစ်ဦးလျင် ဘတ် ၃၀၀ (အမေရိကန်ဒေါ်လာ ၈ ဒသမ ၈၀) ကောက်ခံမည့် အမျိုးသားခရီးသွားလုပ်ငန်းမူဝါဒကော်မတီ၏ အဆိုပြုချက်တစ်ရပ်ကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုလိုက်သည်။

ကုန်းလမ်း သို့မဟုတ် ရေလမ်းမှ လာရောက်သည့် ခရီးသွားများအတွက် ခရီးသွားဝင်ကြေးက တစ်ဦးလျှင် ဘတ် ၁၅၀ ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်ရုံးမှ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ထရိုင်ဆူလီ ထရိုင်ဆိုရန်နာကူက ဖေဖေါ်ဝါရီ ၁၄ ရက် အစိုးရအဖွဲ့ အစည်းအဝေးတစ်ခုအပြီး ပြောသည်။

ကောက်ခံရရှိသည့် ငွေများကို နိုင်ငံတကာခရီးသွားများ ထိုင်းနိုင်ငံတွင် နေထိုင်စဉ် ၎င်းတို့အတွက် အာမခံမှု အပါအဝင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးစေရေး လုပ်ဆောင်ရာတွင်နှင့် စီမံခန့်ခွဲရာတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း မစ္စ ထရိုင်ဆူလီက ပြောသည်။

သံတမန်ရေးရာ သို့မဟုတ် အစိုးရအရာရှိ ပတ်စ်ပို့ သို့မဟုတ် အလုပ်ပါမစ်များ ကိုင်ဆောင်ထားသည့် ခရီးသွားများသည် ယခု ခရီးသွားဝင်ကြေးကောက်ခံမှုမှ ကင်းလွတ်ခွင့်ရမည် ဖြစ်သည်။ ခရီးအကူးအပြောင်း ခရီးသည်များနှင့် အသက် နှစ်နှစ်နှင့်အောက် ကလေးများလည်း ကင်းလွတ်ခွင့်ရမည် ဖြစ်သည်။

ခရီးသွားဝင်ကြေး သတ်မှတ်ကောက်ခံသည့် ပြဋ္ဌာန်းချက်သစ်ကို အကြောင်းပြုပြီး ဗီဇာစည်းမျဉ်းများ၊ စည်းမျဉ်းလုပ်ထုံးလုပ်နည်းများ၊ စည်းကမ်းချက်များနှင့် ဆက်စပ် လူဝင်မှုဥပဒေများကို ပြန်သုံးသပ်ရန် လူဝင်မှုကြီးကြပ်ရေးဗျူရိုကို ထိုင်းအစိုးရအဖွဲ့က ညွှန်ကြားထားသည်။

အပြောင်းအလဲများတွင် လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ဒေသအဖြစ် ခရီးသွားဝင်ကြေး ပေးဆောင်မှု အထောက်အထားလည်း ပါဝင်သင့်သည်။

ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် ခရီးသွားဝင်ကြေး ကောက်ခံသည့် ပထမဆုံးနိုင်ငံ ဖြစ်သလို တစ်ချိန်တည်းမှာပင် ခရီးသွားများအတွက် တစ်ဦးချင်း မတော်တဆမှု အာမခံ အကာအကွယ်ပေးမှု အပါအဝင် ကောင်းကျိုး အခွင့်အလမ်းများ ထောက်ပံ့ပေးသည့် ပထမဆုံးနိုင်ငံဖြစ်ကြောင်း ထိုင်း ခရီးသွားနှင့် အားကစားဝန်ကြီးဌာန၏ လေ့လာချက်တစ်ရပ်ကို ကိုးကား၍ မစ္စ ထရိုင်ဆူလီက ပြောသည်။

ခရီးသွားဝင်ကြေးမှ ကောက်ခံရရှိသည့် အခကြေးငွေများက ထိုင်းအစိုးရအပေါ် ကျရောက်နေသည့် ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုးများကို ကူညီလျော့ပါးစေမည် ဖြစ်ကြောင်း သူမက ပြောသည်။ ထိုင်းအစိုးရသည် ခရီးသွားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်ရန် တစ်နှစ်လျှင် ဘတ် သန်း ၃၀၀ မှ ၄၀၀ အကြား သုံးစွဲသည်။

အစိုးရက ကျခံရသည့် အခြားသော ကုန်ကျစရိတ်များထဲတွင် ခရီးသွားလုပ်ငန်း လှုပ်ရှားသွားလာမှုများကြောင့် ထိခိုက်ထားခဲ့သည့် ခရီးသွား ဆွဲဆောင်ရာနေရာများ၊ သဘာဝပတ်ဝန်းကျင်နှင့် သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ပါဝင်သည်။

ခရီးသွားဝင်ကြေး ကောက်ခံမှုသည် ထိုင်းတော်ဝင်အစိုးရပြန်တမ်းတွင် ကြေညာပြီးနောက်ပိုင်း ရက် ၉၀ ပြည့်ပြီးနောက် အသက်ဝင်လိမ့်မည် ဖြစ်သည်။

COVID-19 ကပ်ရောဂါမှ ပြန်လည်နာလန်ထူနေရသည့် ထိုင်းခရီးသွားလုပ်ငန်းတွင် ၂၀၂၁ ခုနှစ်က ခရီးသွားဝင်ရောက်မှုဦးရေ ၄၃၀,၀၀၀ ခန့်သာ ရှိခဲ့သည်။

ထိုင်းအစိုးရက COVID နှင့် သက်ဆိုင်သည့် ခရီးသွားလာမှု ကန့်သတ်ချက်များကို ၂၀၂၁ မှ စပြီး တဖြည်းဖြည်းချင်း ဖြေလျှော့ခဲ့ပြီးနောက် ယမန်နှစ် ဇန်နဝါရီမှ ဒီဇင်ဘာအကြားတွင် နိုင်ငံတကာခရီးသွားဝင်ရောက်မှုဦးရေ ၁၁ သန်းကျော် ရှိခဲ့သည်။

တရုတ်၏ နယ်စပ် ပြန်ဖွင့်ပြီးနောက် ယခုနှစ်တွင် ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံတကာခရီးသွား သန်း ၃၀ ကျော်ကို ကြိုဆိုနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ယခုလအစောပိုင်းတွင် ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required