မလေးရှားတွင် ဘောင်းဘီတိုဝတ် အမျိုးသမီးကို ဆေးရုံ၌ ကုသခွင့် ငြင်းဆန်၍ ဝေဖန်မှုများ ထွက်ပေါ် 

By South China Morning Post 
16 February 2023
မလေးရှားတွင် ဘောင်းဘီတိုဝတ် အမျိုးသမီးကို ဆေးရုံ၌ ကုသခွင့် ငြင်းဆန်၍ ဝေဖန်မှုများ ထွက်ပေါ် 

မလေးရှားနိုင်ငံ အနောက်ပိုင်း ကမ်ပါဆေးရုံတွင် အမျိုးသမီးတစ်ဦးအား သူ့၏ ဝတ်စားဆင်ယင်ပုံကြောင့် ဝင်ရောက်ခွင့် ငြင်းဆန်ခဲ့သည်ဆိုသော ကိစ္စရပ်နှင့် ပတ်သက်ကာ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နောအာ ဟီရျမ်း အဒူလက်ရှ်က ပြောသည်။ 

“ကျန်းမာရေးဝန်ဆောင်မှုမှာ ဒါမျိုးက မဖြစ်သင့်ဘူး၊ ဟုတ်မဟုတ်ကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးမယ်၊ ဟုတ်ရင် လိုအပ်သလို အရေးယူမှာ ဖြစ်တယ်၊ ဒီ ကိစ္စကို တလေးတနက် ပြောဆိုကြတာတွေအတွက်လည်း ကျေးဇူးတင်တယ်”ဟု ဒေါက်တာ နောအာ ဟီရှမ်းက အင်္ဂါနေ့တွင် တွစ်တာ၌ ရေးသားသည်။ 

လူမှုမီဒီယာတွင် ပြန့်နှံ့နေသော ယင်းဖြစ်ရပ်အား တွစ်တာတွင် tag တွဲလာသည်ကို ၎င်းက တုံ့ပြန်ရေးသားခြင်းပဲ ဖြစ်သည်။ 

ဖေဖော်ဝါရီ ၁၂ ရက် ည ၁၁ နာရီအချိန်က ဆေးရုံသို့ ကုသမှုခံယူရန် လာပြသည့် အသက် ၂၀ ဝန်းကျင် အမျိုးသမီးတစ်ဦးကို “မတော်တရော် ဝတ်စားသည်” ဆိုပြီး ဆေးဝန်ထမ်းတစ်ဦးက အော်ငေါက်ခဲ့သည်ဟု သိရသည်။ 

အဆိုပါ အမျိုးသမီးသည် ကုသမှု ခံယူရန် ဆေးရုံ၏ အရေးပေါ်ဌာနသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက စစ်ဆေးရာ အခြေအနေ မစိုးရိမ်ရကြောင်း တွေ့ရှိခဲ့သည်။ 

“ဒီ တာဝန်ရှိသူကို အမျိုးသမီးက ဘောင်းဘီတို ဝတ်ထားတယ်ဆိုပြီး ပြောလာတာကြောင့် အဲဒီ တာဝန်ရှိသူက အမျိုးသမီးကို ဆေးရုံဝတ်စုံ ဝတ်ပေးလိုက်ဖို့ စီစဉ်ပေးခဲ့တယ်”ဟု ကမ်ပါဆေးရုံမှ ညွှန်ကြားရေးမှူး ဒေါက်တာ အက်ဇာအက်ဇမ်က ပြောသည်။ 

“ဒီ လူနာကို ဆေးရုံဝတ်စုံ မဝတ်ပေးခင်မှာပဲ အမျိုးသမီးဟာ အရေးကြီးလူနာကောင်တာကနေ ထွက်ခွာသွားပြီး အပြင်ဆေးခန်းမှာပဲ ပြတော့မယ်လို့ အခြားဝန်ထမ်းတွေကို ပြောဆိုသွားတာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။ 

“ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၁ နာရီခန့်မှာ ဒီ အမျိုးသမီးဟာ အဖော်တစ်ဦးနဲ့ ပြန်ရောက်လာတယ်၊ ဆေးရုံမှာ မှတ်ပုံတင်ပြီး ဆရာဝန်တစ်ဦးထံက ကုသမှု ခံယူဖို့ ကြိုးစားပါတယ်၊ ဒီနောက်တော့ ဆေးရုံက ပြန်ဆင်းသွားခဲ့တယ်”ဟု ဒေါက်တာ အက်ဇာအက်ဇမ်က ထပ်လောင်းပြောသည်။ 

ကမ်ပါဆေးရုံအနေဖြင့် မည်သို့သော လူနာကိုမျှ ဝတ်စားပုံကို ကြည့်ပြီး ကုသမှု ပေးရန် အမိန့်ထုတ်ထားခြင်း၊ ငြင်းဆန်ခိုင်းထားခြင်း မရှိကြောင်း ၎င်းက ပြောသည်။ 

ယခု ဖြစ်ရပ်၌ ပါဝင်သူ အရာရှိကို ဆေးရုံက အပြစ်ပေး ဆုံးမထားပြီး အလားတူ ဖြစ်ရပ်မျိုး နောက်ထပ် မဖြစ်အောင် အရေးယူဆောင်ရွက်ထားကြောင်း ၎င်းက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required